ဒုဋ္ဌဝတီဆင့်ကဲရေအားလျှပ်စစ်စီမံကိန်းများ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး တွန်းအားပေးဆောင်ရွက်ရန်လည်း မှာကြား
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို သွားရောက်စစ်ဆေးစဉ် ထိုသို့ မှာကြားခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးသည် ရာဂီမုန်တိုင်း အရှိန်ဖြင့် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဓာတ်အားပေးစက်များ ပြန်လည်ပြုပြင်ပြီးစီး၍ စက်များ လည်ပတ်မောင်းနှင်ဓာတ်အားထုတ်လုပ်နေမှုအခြေအနေကို သွားရောက်စစ်ဆေးခြင်း ဖြစ်သည်။
စစ်ဆေးစဉ် ဓာတ်အားထိန်းချုပ်ခန်း (Control Room) အတွင်း ဓာတ်အားထိန်းချုပ်၍ ဓာတ်အားစနစ်နှင့် ချိတ်ဆက်မောင်းနှင်နေမှုအခြေအနေ၊ ဓာတ်အားပေး စက်များ၏ တာဘိုင်များ လည်ပတ်နေမှုအခြေအနေ၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်နေမှု၊ တမံအတွင်း ပေါင်းလောင်းငယ်ချောင်းမှ နုန်းများ ဝင်ရောက်မှုအခြေအနေနှင့် တမံကြံ့ခိုင်ရေး ထိန်းသိမ်းထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့အတူ လာမည့် နွေရာသီတွင် ပြည်သူလူထုသို့ လျှပ်စစ် ဓာတ်အား ပြည့်မီစွာဖြန့်ဖြူးပေးနိုင်ရေး ရေစီမံခန့်ခွဲမှုကို လက်တွေ့အခြေအနေနှင့်ကိုက်ညီစွာ စနစ်တကျ ပြုလုပ်ပြီး ဓာတ်အားထုတ်လုပ်မှုများကို ကြိုတင်စီမံခန့်ခွဲရန်၊ အထက်ပေါင်းလောင်းဆည် အတွင်းသို့ မိုးရေနှင့်အတူ ပါလာသော နုန်းများနှင့် နုန်းစစ်ကန်အတွင်းမှ နုန်းများကို ဖယ်ထုတ် ရှင်းလင်းရန်၊ နုန်းကြောင့် ဓာတ်အားပေးစက်များ ပျက်စီးမှု မရှိစေရေး ကြိုတင်တားဆီးမှုများ ပြုလုပ်ရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် စက်များ ချို့ယွင်းမှု ဖြစ်ပေါ်လာပါကလည်း အမြန်ဆုံး ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် စက်အရံပစ္စည်းများ ကြိုတင်ဝယ်ယူစုဆောင်းပြီး စီမံဆောင်ရွက် ထားရှိရန်၊ အယ်လ်နီညို ရာသီဥတုကြောင့် ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများကို သုံးသပ်ပြီး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရန်နှင့် ဒုဋ္ဌဝတီဆင့်ကဲရေအားလျှပ်စစ်စီမံကိန်းများ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး တွန်းအားပေးဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။
အထက်ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၏ အရှေ့ဘက် (၂၆)မိုင်ခန့်အကွာ ပေါင်းလောင်းမြစ် ပေါ်တွင် တည်ဆောက်ထားခြင်းလည်း ဖြစ်သည်။
