မန္တလေး၊ စက်တင်ဘာ ၅
မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) က ၂၀၁၄ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ စုစုပေါင်း လုပ်သား ၃၃,၀၈၄ ဦးကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာလအတွင်း အလုပ်အကိုင် ၄၂ မျိုး၌ ကျွမ်းကျင်မှုအဆင့် (၁) တွင် ၂၉,၉၀၈ ဦး၊ အဆင့် (၂) တွင် ၃,၁၅၁ ဦးနှင့် အဆင့် (၃) တွင် ၂၅ ဦး စုစုပေါင်း ၃၃,၀၈၄ ဦးကို အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ လုပ်သားများကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ (NSSA) ၏ အမျိုးသားအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များကို ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် မြို့တော်ခန်းမ၌ကျင်းပပြီး အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့အတွင်း အလုပ်အကိုင်လေးမျိုးအတွက် စစ်ဆေးအကဲဖြတ်ရာတွင် ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့သည့် အရည်အသွေးပြည့်မီသူ ၂၂၇ ဦး၊ စစ်ဆေးအကဲဖြတ်သူနှစ်ဦးနှင့် စစ်ဆေးအကဲဖြတ်ရေးဌာနနှစ်ခုတို့ကို အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ကြသည်။
