ဖေဖော်ဝါရီ ၅
မော်စကိုနှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများကို အရှိန်အဟုန်မြှင့်၍ဆက်လက်လုပ်ဆောင်နေပြီဟု ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီသရီ ပက်စ်ကော့ က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ “တစ်ကယ့်ကို ဌာနတစ်ခုချင်းကြား အဆက်အသွယ်တွေ ရှိနေပြီး မကြာသေးခင်ကမှ ဆွေးနွေးမှုများ ပိုမိုတိုးတက်လာခဲ့တယ်။ ဒါပေမယ့် တခြားအသေးစိတ်အချက်အလက်တွေကိုတော့ ကျွန်တော် မပြောနိုင်ဘူး၊ တခြားပြောစရာမရှိပါဘူး” ဟု ပက်စ်ကော့ က ရုရှားအစိုးရပိုင် မီဒီယာသတင်းထောက်များသို့ ပြောကြားခဲ့သည်။
ပက်စ်ကော့ သည် အမေရိကန်သမ္မတ ဒေါ်လ်နယ် ထရမ့်ပ်၏ ထုတ်ပြန်ပြောကြားချက်နှင့်ပတ်သက်ပြီး ဝါရှင်တန်သည် ယူကရိန်းစစ်ပွဲအတွက် တက်ကြွစွာ ဆွေးနွေးညှိနှိုင်းမှုများကို ကိယက်ဗ်နှင့် မော်စကို နှစ်ဘက်လုံးနှင့် ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းကို ရုရှားက လုံးဝ ကျူးကျော်ဝင်ရောက်မှုသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကစတင်၍ အရှိန်ပြင်းလာခဲ့သည်။ ပြီးခဲ့သောလတွင် အိမ်ဖြူတော်သို့ ပြန်လည် ရောက်ရှိလာသော ထရမ့်ပ် က တိုက်ခိုက်ရန်လိုမှုများကို အမြန်အဆုံးသတ်စေမည်ဟု ကတိပြုခဲ့သည်။
“ကျွန်တော်တို့ ဆွေးနွေးမှုတွေ လုပ်နေတယ်။ ပြောပြီးပြီ၊ ဟုတ်တယ်” ဟု ထရမ့်ပ်က ၎င်း၏ အစိုးရသည် မော်စကိုနှင့် အဆက်အသွယ်ရှိသည့် အကြောင်းကို နောက်ထပ် အသေးစိတ်အချက်အလက်များ မဖော်ပြဘဲ သတင်းထောက်များကို တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပါသည်။
ပူတင်နှင့် ပုဂ္ဂိုလ်ရေးအရ စကားပြောဖူးခြင်း ရှိ၊ မရှိ မေးမြန်းသောအခါ ထရမ့်ပ်က “ကျွန်တော် အဲဒါကို မပြောချင်ပါဘူး”ဟု တုံ့ပြန်ခဲ့ပါသည်။ “ဒီစစ်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အရမ်းလေးနက်တဲ့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ဒီစစ်ပွဲကြီးပြီးသွားအောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
Ref: ပေါ်လီတီကို
