အမေရိကန်၏ လေယာဉ်တင်သင်္ဘော ၂၀၁၈ ခုနှစ်နောက်ပိုင်းပထမဆုံးအနေဖြင့် တောင်ကိုရီးယားသို့လာရောက်မည်

ဆိုလ်း၊စက်တင်ဘာ ၁၉
မြောက်ကိုရီးယားကိုဟန့်တားရန် မဟာမိတ်များက အမေရိက၏ နျူကလီးယားမဟာဗျူဟာပိုင်ဆိုင်မှုများကို ဖြန့်ကျက်ထားရန်ကြိုးပမ်းနေချိန်တွင် အမေရိကန်လေယာဉ်တင်သင်္ဘောသည် လေးနှစ်အတွင်းပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်ရန် တောင်ကိုရီးယားသို့ ယခုတစ်ပတ်အတွင်းလာရောက်မည်ဖြစ်ကြောင်း နှစ်နိုင်ငံတာဝန်ရှိသူများက စက်တင်ဘာ ၁၉ ရက် တနင်္လာနေ့ကပြောကြားခဲ့သည်။
USS Ronald Reagan အမည်ရှိ အဆိုပါသင်္ဘောသည် သောကြာနေ့တွင် တောင်ပိုင်းဆိပ်ကမ်းမြို့ဘူဆန်ရှိရေတပ်စခန်းသို့ ရောက်ရှိမည်ဖြစ်ကြောင်းတောင်ကိုရီးယားရေတပ်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ခြင်းဖြင့် နှစ်နိုင်ငံရေတပ်များသည် ၎င်းတို့၏စစ်ရေးအဆင်သင့်ဖြစ်မှုအား ခိုင်မာစေရန်နှင့် ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးအပါအဝင် အမေရိကနှင့်တောင်ကိုရီးယားတို့၏ ခိုင်မာသောသန္နိဌာန်ကိုလည်း ပြသရန်ရည်ရွယ်သည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မြောက်ကိုရီးယားသည် ယခင်ကအမေရိက၏ စစ်ရေးလေ့ကျင့်မှုများနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများအား ဝါရှင်တန်နှင့်ဆိုးလ်တို့၏ရန်လိုသောမူဝါဒများ၏ သက်သေဟုဆိုကာ စစ်အတွက်ပြင်ဆင်နေခြင်းဖြစ်သည်ဟုဆိုပြီးရှုံ့ချခဲ့သည်။
ယခုခရီးစဉ်သည် ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားသို့ အမေရိကန်လေယာဉ်တင်သင်္ဘောလာရောက်ခြင်းလည်းဖြစ်သည်။ထိုနှစ်များက အမေရိကအပါအဝင်မဟာမိတ်များသည် မြောက်ကိုရီးယားနှင့် ထိတွေ့ဆက်ဆံရန်သံတမန်ရေးကြိုးပမ်းမှုများကြောင့် ၎င်းတို့၏ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လျှော့ချခဲ့ခြင်းဖြစ်သည်။
ထို့နောက် တောင်ကိုရီးယားသမ္မတမစ္စတာယွန်းဆော့ယော်သည် နျူလက်နက်နှင့်ဒုံးကျည်များ ထုတ်လုပ်ရေးကို အဆုံးသတ်ရန်စေ့စပ်ဆွေးနွေးမှုများ မအောင်မြင်ဖြစ် ပြီးနောက် ယခုနှစ်အစောပိုင်းက စံချိန်တင်ဒုံးကျည်စမ်းသပ်မှုများပြုလုပ်ခဲ့သည့် မြောက်ကိုရီးယားအားသတိပေးသည့်အနေဖြင့် စစ်ရေးလေ့ကျင့်မှုများပြန်လည်စတင်ချိန်၌ ကိုဗစ်ကပ်ရောဂါကြောင့် စစ်ရေးလေ့ကျင့်မှုများကို ထပ်မံလျှော့ချလိုက်ရပြန်သည်။
အလားတူပင်ပြုံယမ်းသည်လည်း ၂၀၁၇ ခုနှစ်ကစမ်းသပ်မှုပြီးနောက် ပထမဆုံးအကြိမ်အနေဖြင့် နျူစမ်းသပ်မှုများကိုပါပြန်လည်စတင်ရန် ပြင်ဆင်နေပုံပေါ်သည်ဟု လေ့လာစောင့်ကြည့်သူများကဆိုကြသည်။ယခုနှစ်ဧပြီလကလည်း USS Ronald Reagan သည် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားနှင့်ဂျပန်ရေပိုင်နက်တွင် တပ်ဖြန့်ခဲ့ပြီး ဂျပန်တပ်ဖွဲ့များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ ကန်လေယာဉ်တင်သင်္ဘောနှင့်၎င်း၏တိုက်ခိုက်ရေးအဖွဲ့သည် တောင်ကိုရီးယားတပ်ဖွဲ့များနှင့်လေ့ကျင့်မည်ဖြစ်သည်။
သောကြာနေ့ကလည်း အမေရိကနှင့်တောင်ကိုရီးယားတို့သည် ယခုလတွင်ထုတ်ပြန်ခဲ့သည့် မြောက်ကိုရီးယား၏ ပထမဆုံးနျူဥပဒေသည် ပြင်းထန်ပြီးမတည်ငြိမ်မှုများကိုဖြစ်ပေါ်စေသည်ဟုဆိုကာ ဝါရှင်တန်က ပြုံယမ်းအားတားဆီးတုံ့ပြန်နိုင်ရန် ၎င်း၏မဟာဗျူဟာမြောက်ပိုင်ဆိုင်မှုများကို ဆက်လက်တပ်ဖြန့်သွားမည်ဖြစ်ကြောင်းကတိပြုခဲ့သည်။
Source –Reuters/ng
