မိုင်ယာမီ၊ စက်တင်ဘာ ၇
အမေရိကန်နိုင်ငံ မိုင်ယာမီအပြည်ပြည်ဆိုင်ရာလေဆိပ်၌ တနင်္ဂနွေနေ့က အမေဇုံ၏ Prime Air ကုန်တင်လေယာဉ်တစ်စင်း ပြေးလမ်းချော်ကာ မော်တော်ယာဉ်များကို ဝင်တိုက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ငါးဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားသည်။
ပွာတိုရီကို၊ ဆန်ဟွမ်မြို့မှ ပျံသန်းလာသည့် အဆိုပါလေယာဉ်သည် မွန်းလွဲ ၂ နာရီခန့်တွင် မိုင်ယာမီလေဆိပ်၌ ဆင်းသက်စဉ် ပြေးလမ်းကို ကျော်ထွက်သွားခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရသူ ငါးဦးကို ဆေးရုံသို့ ပို့ဆောင်ထားပြီး ယင်းတို့အနက် သုံးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း မိုင်ယာမီ-ဒေ့ဒ်ကောင်တီ အာဏာပိုင်များက ပြောသည်။
ဖြစ်စဉ်အတွင်း လူအချို့မှာ မော်တော်ယာဉ်များအတွင်း ပိတ်မိနေခဲ့ပြီး လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့လည်း လေယာဉ်အတွင်း ပိတ်မိနေခဲ့ကြောင်း မိုင်ယာမီ-ဒေ့ဒ် မီးသတ်နှင့် ကယ်ဆယ်ရေးတပ်ဖွဲ့ အကြီးအကဲ ရေးဂျာဒါလာက ပြောကြားသည်။
လေယာဉ်ပြေးလမ်းချော်ပြီးနောက် လောင်စာဆီယိုစိမ့်မှု ဖြစ်ပေါ်ခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက နာရီအတန်ကြာ ထိန်းချုပ်ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် အမျိုးသားသယ်ယူပို့ဆောင်ရေးဘေးကင်းလုံခြုံရေးဘုတ်အဖွဲ့ (NTSB) ဥက္ကဋ္ဌ ဂျနီဖာ ဟိုမန်ဒီ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို မိုင်ယာမီသို့ စေလွှတ်ထားကြောင်း သိရသည်။
Ref: Thai PBS World
