အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် မြားပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန် ၃၀ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် အမျိုးသားနှင့် အမျိုးသမီး Recurve နှင့် Compound အမျိုးအစားများအတွက် Ranking Round၊ အကြိုဗိုလ်လုပွဲများနှင့် ဗိုလ်လုပွဲများကို ကျင်းပခဲ့ပြီး အားကစားသမားများက ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ပြိုင်ပွဲအပြီး ကျင်းပသည့် ဆုချီးမြှင့်ပွဲတွင် အမျိုးသား အတိုးတက်ဆုံးအားကစားသမားဆု ကို မောင်မျိုးသူရမျိုးဆက်ကလည်းကောင်း၊ အမျိုးသမီး အတိုးတက်ဆုံးအားကစားသမားဆု ကို မနီနီဝင်းကလည်းကောင်း ရရှိခဲ့ကြသည်။
ထို့ပြင် ၁၅ မီတာ Recurve တစ်ဦးချင်းပြိုင်ပွဲ တွင် မောင်မျိုးသူရမျိုးဆက်က ပထမ၊ မောင်ရဲရင့်ပိုင်က ဒုတိယနှင့် မောင်ချစ်ဦးက တတိယဆု၊ ၃၀ မီတာ Compound တစ်ဦးချင်းပြိုင်ပွဲ တွင် မနီနီဝင်းက ပထမ၊ မောင်ဝေယံထက်က ဒုတိယနှင့် မပွင့်မာလာသော်က တတိယဆု၊ ၃၀ မီတာ Recurve တစ်ဦးချင်းပြိုင်ပွဲ တွင် မစန္ဒာစိုးထွန်းက ပထမ၊ မချိုချိုဇင်က ဒုတိယနှင့် မမိုးစက်တင်က တတိယဆုတို့ကို အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။
ဆုရရှိသူများအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် အားကစားရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆုတံဆိပ်များနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌနှင့် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီး ဦးညီညီ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့်ဆန်းနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
