အပူချိန်မြင့်တက်မှုကြောင့် နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု စံချိန်တင်မြင့်မားလာသဖြင့် နိုင်ငံ၏ ဓာတ်အားလိုင်းအပေါ် ဝန်ထုပ်ဝန်ပိုး လျော့ပါးစေရန် လျှပ်စစ်ဓာတ်အားကို ထိရောက်စွာ ချွေတာသုံးစွဲကြရန် ဗီယက်နမ်နိုင်ငံပိုင် လျှပ်စစ်ဓာတ်အားကုမ္ပဏီ (EVN) က ကုမ္ပဏီများနှင့် အိမ်ထောင်စုများအား ဇွန် ၂၅ ရက်တွင် တိုက်တွန်းခဲ့သည်။
ဗီယက်နမ်နိုင်ငံ ရာသီဥတုခန့်မှန်းရေးဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံအနှံ့အပြား၌ အပူချိန်သည် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထက်သို့ မြင့်တက်နိုင်ကြောင်း သိရသည်။
EVN ၏ အဆိုအရ ဇွန် ၂၄ ရက်တွင် နိုင်ငံ၏ အမြင့်ဆုံးလျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ ၅၈ ဒသမ ၄၆ ဂစ်ဂါဝပ်အထိ ရောက်ရှိခဲ့ပြီး စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲသူများအနေဖြင့် လေအေးပေးစက် (Air Conditioner) များကို အနည်းဆုံး ၂၆ ဒီဂရီဆဲလ်စီးယပ်စ်တွင် သတ်မှတ်အသုံးပြုရန်၊ သဘာဝအလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်သည့် နည်းလမ်းများကို ပိုမိုအသုံးပြုရန် EVN က အကြံပြုထားသည်။
လျှပ်စစ်ဓာတ်အားကို ထိရောက်အကျိုးရှိစွာ အသုံးပြုခြင်းသည် မိသားစုနှင့် လုပ်ငန်းများ၏ လျှပ်စစ်ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်သည့်အပြင် နိုင်ငံတော်ဓာတ်အားလိုင်းအပေါ် ကျရောက်နေသော ဖိအားကိုလည်း လျော့ပါးစေမည်ဖြစ်ကြောင်း EVN က ပြောကြားသည်။
ဓာတ်အားဖြန့်ဖြူးမှု တည်ငြိမ်စေရန်အတွက် ဗီယက်နမ်နိုင်ငံသည် ပြည်တွင်းဓာတ်အားပေးစက်ရုံများကို အပြည့်အဝ လည်ပတ်လျက်ရှိသည့်အပြင် ပြည်ပမှ လျှပ်စစ်ဓာတ်အားတင်သွင်းမှုကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Ref: The Straits Times
