အထည်စက်ရုံများအနေဖြင့် အထည်များရက်လုပ်ရာတွင် သုံးစွဲသူများ စိတ်ဝင်စားပြီး ဆွဲဆောင်မှုရှိမည့် အဆင်ဒီဇိုင်းများဖြစ်အောင် ဆောင်ရွက်ရန်စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကပြောသည်။
ဇွန်လ (၁၆) ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၇) အထည်စက်ရုံခွဲ(ဝမ်းတွင်း)သို့ ရောက်ရှိစစ်ဆေးစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သ ည်။
ပြည်ထောင်စုဝန်ကြီးက ဈေးကွက်ရရှိမှသာ ရေရှည်ရပ်တည် လည်ပတ်နိုင်မည်ဖြစ်၍ ဈေးကွက်သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ ပြည်တွင်းဝတ်ဆင်ရေးကဏ္ဍ ဖူလုံစေရေးအတွက် ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော စက်အရန်ပစ္စည်းများကို ကြိုတင်ဝယ်ယူထားရန်၊ စက်ရုံအနေဖြင့် ပြည်ပသွင်းကုန်အစားထိုးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်၍ လုပ်ငန်းတာဝန်များကို ကြိုးစားဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ယင်းနောက် စက်ရုံအတွင်း အထည်များ ရက်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နံနက်ပိုင်းတွင်မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ရောက်ရှိ စစ်ဆေးရာ ခရိုင်ဦးစီးဌာနမှူးက ဌာနမှ MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြခဲ့သည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မိတ္ထီလာစက်မှုဇုန်၏ လက်ရှိအခြေအနေကို စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်နိုင်ရေးအတွက် အချက်အလက်များကို ပြုစုတင်ပြရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ခရိုင်ဦးစီးဌာနမှူးအနေဖြင့် အဓိကတာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်၍ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စာတမ်းများကို ဖတ်ရှုလေ့လာ မှတ်သား၍ အချင်းချင်းပြန်လည်ဆွေးနွေးခြင်းဖြင့်လည်းကောင်း၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းရှင်များနှင့် ဆွေးနွေးတိုင်ပင်ခြင်းဖြင့်လည်းကောင်း လေ့လာတွေ့ရှိချက်များကို တင်ပြဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိတ္ထီလာဒေသရှိ စက်မှုလုပ်ငန်းများ၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုထက် ပိုမိုကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။
