ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့တွင် ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်က မိနစ်ပိုင်းသာခြား၍ မီးလောင်ကျွမ်းမှုများဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်း၌ နံနက် ၁၁ နာရီ ၅၄ မိနစ်ခန့်က နေအိမ်မီးလောင်မှုဖြစ်ပွား၍ အင်းစိန်မြို့နယ်မီးသတ်စခန်း၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်း၊ မြောက်ပိုင်းခရိုင်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြသည်။
ထို့ကြောင့် မွန်းတည့် ၁၂ နာရီ ၇ မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး မွန်းတည့် ၁၂ နာရီ ၁၁ မိနစ်တွင် မီးငြိမ်းသွားခဲ့ကာ ဖြစ်စဉ်ကြောင့် နေအိမ်မှာပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
ထို့အတူ မွန်းတည့် ၁၂ နာရီ ၃၅ မိနစ်ခန့်ကလည်း ကျောက်တံတားမြို့နယ်၊ (၁)ရပ်ကွက်၊ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွား၍ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြသဖြင့် မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်များမှ စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
