အင်ဒိုနီးရှားသမ္မတနိုင်ငံ၏ (၆) ဦးမြောက် ဒုတိယသမ္မတအဖြစ် ၁၉၉၃ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် H.E. Mr. Try Sutrisno သည် ၂၀၂၆ ခုနှစ် မတ် ၂ ရက်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
ထိုကြောင့် မြန်မာနိုင်ငံအစိုးရကိုယ်စား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားနိုင်ငံသံရုံး၌ ဖွင့်လှစ်ထားသည့် ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်၌ ယမန်နေ့က သွားရောက်လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံနှင့် တာဝန်ရှိသူများအား သံရုံးဧည့်ခန်းမတွင် တွေ့ဆုံနှုတ်ဆက်၍ အင်ဒိုနီးရှားသမ္မတနိုင်ငံ ဒုတိယသမ္မတဟောင်း H.E. Mr. Try Sutrisno ကွယ်လွန် ခဲ့ခြင်းအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားပါကြောင်း သတင်းစကားပြောကြားပြီး ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှား ဒုတိယသမ္မတဟောင်း H.E. Mr. Try Sutrisno သည် ၁၉၈၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အင်ဒိုနီးရှား ကြည်းတပ်ဦးစီးချုပ်အဖြစ်လည်းကောင်း၊ ၁၉၈၈ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ အင်ဒိုနီးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၀ ရှိပြီဖြစ်ကြောင်း သိရှိရသည်။
