ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် သံချောင်းများတင်လာသည့်တွဲကား ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ အ ခြားကားအချို့နှင့် မိန်းကလေးငယ်တစ်ဦးကိုတိုက်မိခဲ့မှု ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့လည် ၃ နာရီ ၁၆ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် အခင်းဖြစ်နေရာအနီးနေသူများထံမှ သိရသည်။
အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ အောက်မင်္ဂ လာဒုံလမ်းမကြီးအတိုင်း သံချောင်းများတင်၍ မောင်းနှင်လာသည့်တွဲကားသည် အခင်းဖြစ်နေရာအရောက် ရှေ့မှကားတစ်စီးအားကျော်တက်စဥ် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ အခြားကားအချို့နှင့် မိန်းကလေးငယ်တစ်ဦးကိုဝင်တိုက်မိခဲ့ကြောင်း သိရသည်။
” ကောင်မလေးက ကျောင်းသူလေးပါ။ တိုက်မိတဲ့အရှိန်နဲ့ တွဲကားအောက်ထဲမှာညပ်ပြီး သေဆုံးသွားတာပါ။ Body ကအတော်အခြေအနေဆိုးဆိုးဖြစ်သွားတယ်” ဟု အခင်းဖြစ်နေရာအနီးနေသူတစ်ဦးက Popular News ကိုပြောသည်။
တွဲကားအောက်တွင်ညပ်နေသည့် မိန်းကလေးငယ်၏ရုပ်အလောင်းအား အင်းစိန်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက သယ်ထုတ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ သယ်ထုတ်ပြီးနောက် မိန်းကလေးငယ်၏ ရုပ်အလောင်းအား ပြန်လည်ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
