သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် နေထိုင်သူများနှင့် ပတ်ဝန်းကျင်၌ နေထိုင်သူများအတွက် အဆင်ပြေစေရန် ဈေးသစ်ကို မကြာမီဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
အဆိုပါ ဈေးသစ်ကြီးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၂၀၂၄ ခုနှစ်၊မေလကစတင်တည်ဆောက်ခဲ့ပြီး မကြာမီဖွင့်လှစ်နိုင်ရန် အချောသပ်လုပ်ငန်းမျာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) အမှတ်(၂)လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းအနီးတို့တွင် တည်ရှိပြီး သုခဒဂုံဈေးသစ်ကြီးကို အမှတ်(၂)လမ်းမကြီးနှင့် မနီးမဝေးတွင် တည်ဆောက်ပေးထားခြင်းဖြစ်သည်။
သုခဒဂုံဈေးရုံတွင် ဈေးရုံခုနစ်ရုံပါဝင်ကာ ၎င်းဈေးရုံများအတွင်း (၆) ပေပတ်လည်အကျယ်ရှိ ဈေးဆိုင်ခန်း စုစုပေါင်း (၃၉၂) ဆိုင် ဖွင့်လှစ်ရောင်းချနိုင်ရန် တည်ဆောက်ထားရှိကြောင်း သိရသည်။
ဈေးရုံ(၇)ရုံ၏ မျက်နှာစာအနီး ခေါင်းရွက်ဗျပ်ထိုးနှင့် ကုန်စိမ်းသီးနှံအမျိုးမျိုး၊ ခြံထွက်ပန်းအမျိုးမျိုးနှင့် ကုန်ပစ္စည်းအမျိုးမျိုး ရောင်းဝယ်မှုပြုလုပ်နိုင်သည့် အရှည်ပေ (၂၀၀) နှင့် အကျယ် (၉၄) ပေ၊ အမြင့် (၆) လက်မရှိ ကွန်ကရစ်ခင်းလဟာပြင်ဈေးကိုလည်း ထည့်သွင်းတည်ဆောက်ပေးထားကြောင်း သိရသည်။
