ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရေလိန်းကျေးရွာတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်ပွဲအခမ်းအနားကို မေ ၁၃ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ဒေသခံတောင်သူများနှင့်အတူ ပိုက်ဆံလျှော်မျိုးစေ့များ ကြဲပက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဝါးခယ်မမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး စိုက်ဘဏ်ချေးငွေများ ထုတ်ချေးပေးနေမှု၊ စိုက်ပျိုးရေးသွင်းအားစုများနှင့် စက်သုံးဆီများ အချိန်မီရရှိစေရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့ပြင် သဘာဝမြေဩဇာများကို ကိုယ်တိုင်ထုတ်လုပ်အသုံးပြုကြရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ကြရန် တောင်သူများအား တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများထံ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ ပေးအပ်ခဲ့ပြီး တောင်သူများနှင့်အတူ မျိုးစေ့များ ကြဲပက်ပေးခဲ့ကြောင်း သိရသည်။
