ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် လျှပ်စစ်မီးများ ယခင် ပုံမှန်အတိုင်း ပြန်လည်ရရှိနေပြီဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများ၏ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် နှစ်ကုန်ထိ တစ်ရက်လျှင်မီး (၈) နာရီပေးရာမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ တစ်ရက်လျှင် မီး(၄)နာရီလာ (၈) နာရီပျက် (၂) ကြိမ် စနစ်ဖြင့် ပေးနေခြင်းဖြစ်သည်။
ယခုအခါ 230kV ရွှေလီ-မန်စံလိုင်းအား ပြုပြင်ပြီးစီးပြီဖြစ်သည့်အတွက် (၄)နာရီလာ (၄)နာရီပျက်စနစ်ဖြင့် ပုံမှန်အတိုင်း လျှပ်စစ်မီးများပြန်ရနေပြီဖြစ်ကြောင်း သိရသည်။
၂၀၂၄ နှစ်ကုန်ပိုင်းတွင် လျှပ်စစ်ဓါတ်အား အမြင့်ဆုံး ထုတ်လုပ်နိုင်မှုသည် တရက်လျှင် မဂ္ဂါဝပ် (၂,၀၀၀) အထက်မှာရှိခဲ့ရာမှ ၂၀၂၅ နှစ်စပိုင်းတွင် လျှပ်စစ်ဓာတ်အား အမြင့်ဆုံးထုတ်လုပ်နိုင်မှုမှာ တရက်လျှင် မဂ္ဂါဝပ် (၂,၀၀၀) အောက်သို့ ရောက်ရှိလာခဲ့ကြောင်း လျှပ်စစ်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
လက်ရှိနိုင်ငံလိုအပ်ချက်အရ တရက်လျှင် လျှပ်စစ်ဓာတ်အား ပျှမ်းမျှလိုအပ်ချက်မှာ (၄,၄၀၀) မဂ္ဂါဝပ်ထိ ရှိနေကြောင်း ၊လက်ရှိတွင် နိုင်ငံတော်၏လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (၂၈) ရုံ၊ အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ (၂၇) ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ရှစ်ရုံ စုစုပေါင်း တပ်ဆင်အင်အား (၆၃၇၁) မဂ္ဂါဝပ်ရှိကြောင်း သိရသည်။
အဆိုပါရေအားလျှပ်စစ်နှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ အချို့ဓာတ်အားပေးစက်ရုံ (၁၂) ရုံသည် ဓာတ်အားလိုင်းများ ဖျက်ဆီးခံရခြင်းနှင့် သဘာဝဘေးဒဏ်ကြောင့်ပျက်စီးခြင်း စသည်တို့ကြောင့် လက်ရှိတွင် ဓာတ်အားထုတ်လုပ်မှု ကျဆင်းနေကြောင်း သိရသည်။
