မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိထားပြီးလေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိသည့် မြေဧရိယာများကို ပြန်သိမ်းရန်စီစဉ်နေကြောင်း သိရသည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၁၆) ကြိမ်မြောက်အစည်းအဝေးမှ သိရသည်။
စွမ်းအင်လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း၊ စားရေရိက္ခာဖူလုံစေရေးနှင့် ပြည်ပတင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား အသုံးပြုလုပ်ကိုင်ခွင့်ပြုနိုင်ရန် အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေး၍ စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ဆိုလာစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့်လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ MSME လုပ်ငန်းများ၊ ကာလတိုအတွင်း အကျိုးစီးပွားဖြစ်ထွန်းစေမည့် (Quick Win) လုပ်ငန်းများကို ဦးစားပေးခွင့်ပြုသွားရမည်ဖြစ်ကြောင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားခဲ့သည်။
ထို့ပြင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိထားပြီး စည်းကမ်းချက်သတ်မှတ်ကာလ လေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိသည့် မြေဧရိယာများကို အထူးအဖွဲ့များဖြင့် ကွင်းဆင်းစိစစ်၍ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုပေးထားသော လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်များအား ပြန်လည်ရုပ်သိမ်းနိုင်ရေးနှင့် အာမခံကြေးများအား နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းနိုင်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
