ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO) သို့ မြန်မာနိုင်ငံမှ တင်သွင်းထားသည့် ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ခေါ်ဝေါ်သုံးစွဲမှုများ မှားယွင်းနေသည့်အတွက် ပြောင်းလဲခေါ်ဝေါ်သုံးစွဲကြရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနက မေတ္တာရပ်ခံထားသည်။
သက်ဆိုင်ရာဝန်ကြီးဌာန၏ အသိပေးချက်အရ အချို့သောမီဒီယာများ၌ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဟုလည်းကောင်း၊ ကမ္ဘာ့အမွေအနှစ်ဟု လည်းကောင်း မှားယွင်းစွာအသုံးပြုနေသည်ကိုတွေ့ရှိရပြီး၊ ယင်းအတွက် အများပြည်သူနှင့် မီဒီယာများအနေဖြင့် မည်သည့်လူမှုကွန်ရက်တွင်မဆို “လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်”ဟုသာ ခေါ်ဝေါ်သုံးစွဲကြရန် မေတ္တာရပ်ခံထားခြင်းဖြစ် သည်။
ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ကမ္ဘာပေါ်ရှိ ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းရန် ကမ္ဘာ့အမွေအနှစ်စာရင်း ( World Heritage List )နှင့် လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (TheRepresentative List of Intangible Cultural Heritage of Humanity) ဟူ၍ ယဉ်ကျေးမှုအမွေအနှစ်များကို စာရင်းသွင်းသတ်မှတ်ခြင်းအား နှစ်စဉ်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံရှိ ပျူမြို့ဟောင်း (၃)မြို့သည် ၂၀၁၄ ခုနှစ်တွင်လည်းကောင်း၊ ပုဂံမြို့ဟောင်းသည် ၂၀၁၉ ခုနှစ်တွင်လည်းကောင်း ကမ္ဘာ့အမွေအနှစ်စာရင်း(World Heritage List )သို့ ဝင်ရောက်ခဲ့ပြီးဖြစ်သည်။
ထို့ပြင် မြန်မာတိုင်းရင်းသား လူထုတစ်ရပ်လုံး၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သော မြန်မာရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်သည်လည်း ၂၀၂၄ ခုနှစ်တွင် လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း (The Representative List of Intangible Cultural Heritage of Humanity)သို့ ဝင်ရောက်ခဲ့သည်။
ယခုအခါ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို UNESCO ၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
