ရန်ကုန် ၊စက်တင်ဘာ ၃
အမိူက်ပုံနားတွင် လက်လုပ်ဗုံးများချထားတတ်သလို ယခုအခါ လူများဖြတ်သန်းသွားနေသည့် ဂုံးကျော်တံတားတွင်ပါ ချလာနေသည်။
စက်တင်ဘာ ၂ရက်နေ့ ညနေ ၅နာရီ ၁၅မိနစ်ခန့်က ဗဟန်းမြို့နယ် မြို့မ ရပ်ကွက် ကန်တော်ကြီးရှေ့ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ လူကူး ဂုန်းတံတားပေါ်တွင် မသင်္ကာ ဖွယ်အထုတ်တွေ့ရှိ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးကြောင်း သိရသည်။
စစ်ဆေးချက်အရ လူကူး တံတားစက်လှေကားဘယ်ဘက်ထိပ်တွင် ပန်းရောင် ကော်ဘူးဖြင့် ပြုလုပ်ထားသောလက်လုပ်ဗုံး (၁)လုံး၊ အနီရောင် Keypad ဖုန်း(၁)လုံး၊ 3.1 Vဓာတ်ခဲ (၁)လုံး ၊ 9 V ဓာတ်ခဲ(၁)လုံး၊ ခလုပ်(၁)ခု၊ဆားကစ်ပြား(၃)ခု၊ ရှော့တိုက်စနစ်ကွိုင်(၁)ခု ၊ယမ်းမဲ၊ ဘောစေ့များနှင့် စက်လှေကားညာဖက်ထိပ်တွင် ပန်းရောင်ကော်ဘူးဖြင့် ပြုလုပ်ထားသော လက်လုပ်ဗုံး(၁)လုံး၊ 3.1 V ဓာတ်ခဲ(၁) လုံး၊ 9 V ဓာတ်ခဲ (၁)လုံး၊အရိပ်ချဆင်ဆာ(၁)ခု ၊ ဆားကစ်ပြား(၃)ခု ၊ရှော့တိုက်စနစ်ကွိုင်(၁)ခု၊ ယမ်းမဲ၊ ဘော့စေ့များ တွေ့ရှိ ရသဖြင့်လက်လုပ်ဗုံးများအား သက်မဲ့ ပြုလုပ်ရှင်းလင်းသိမ်းဆည်းခဲ့ရသည်။
CCTV မှတ်တမ်းများ၊ ပတ်ဝန်းကျင် သက်သေများအားဆက်လက်စစ်ဆေးလျက် ဗုံးလာချသူကိုခြေရာခံလိုက်နေသည်ဟု သိရသည်။
ဩဂုတ်လ ၃၀ရက်နေ့ကလည်း ကန်တော်ကြီးနှင့် တစ်ခြားနေရာ အတော်များများ ဗုံးပေါက်မှု များဖြစ်ပွါးခဲ့ပြီး စစ်ဆေးရေးများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကန်တော်ကြီးဥယျာဉ်အား ယခင်က ကိုဗစ်-၁၉ရောဂါ အခြေအနေများကြောင့် ပိတ်ထားခဲ့ရာ မကြာခင်အချိန်ကပင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

