မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ အကြား (၂၄)ကြိမ်မြောက် လူကုန်ကူးမှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေး နှင့် (၁၁) ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံတော်ဝင်ရဲအဖွဲ့တို့အကြား လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအစည်းအဝေးများကို မြန်မာနိုင်ငံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးကို ရန်ကုန်မြို့ PARKROYAL Hotel တွင် ဩဂုတ်(၂၁)နှင့်(၂၂)ရက်နေ့တို့တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် ဇော်ဆန်း ဦးဆောင်သော ကိုယ်စားလှယ် ၁၃ ဦး၊ ထိုင်းနိုင်ငံအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး Pol. Maj. Arit Tatsaphan ဦးဆောင်သော ကိုယ်စားလှယ် ရှစ်ဦးနှင့် ထိုင်းနိုင်ငံတော်ဝင်ရဲအဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ဒုတိယတပ်ဖွဲ့မှူး PoL. Col. Greetha Tankanarat ဦးဆောင်သော ကိုယ်စားလှယ် ၁၁ ဦး စုစုပေါင်း ကိုယ်စားလှယ် ၃၂ ဦး တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။
နယ်စပ်ဖြတ်ကျော်လူကုန်ကူးမှုအခြေအနေ၊ နှစ်နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြောင်းလဲလာသော လူကုန်ကူးမှုပုံစံများနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ လူကုန်ကူးခံရသူ အကာအကွယ်ပေးရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန်အကူအညီပေးရေးကိစ္စရပ်များ ဆွေးနွေးခြင်း၊ လူကုန်ကူးမှုကိစ္စရပ်များနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်ဖလှယ်ရေးနှင့် ဆက်သွယ်ရန်ပုဂ္ဂိုလ် (Contact Point) များ Update ပြုလုပ်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
