အမေရိကန်နဲ့ အီရန်ကြားက ပဋိပက္ခဟာ နောက်နှစ်လလောက်အတွင်းမှာ လုံးဝကို ကွဲပြားတဲ့ အခြေအနေတစ်ရပ်ဆီကို ရောက်သွားလိမ့်မယ်လို့ အမေရိကန် ဒု-သမ္မတ ဂျေဒီ ဗန့်စ်က ပြောလိုက်ပါတယ်။
”အနာဂတ်ကိုတော့ ကျွန်တော်တို့ ကြိုမဟောနိုင်ဘူးပေါ့လေ။ ဒါပေမဲ့ ဒီကိစ္စ(အီရန်ပဋိပက္ခ) ဟာ နောက်လအနည်းငယ်အတွင်းမှာ အတော်လေးကို ကွဲပြားတဲ့ အခြေအနေတစ်ခုကို ရောက်သွားမယ်ဆိုတဲ့ သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ ပြောစကားက မှန်တယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ New York Post သတင်းစာနဲ့ အင်တာဗျူးမှာ သူက ပြောခဲ့တာပါ။
သူ့အဆိုအရဆိုရင်တော့ အမေရိကန်အနေနဲ့ “အီရန်ရဲ့ နျူကလီးယား အစီအစဉ်” နဲ့ “သူတို့ရဲ့ သမားရိုးကျ စစ်တပ်” ကို ဖျက်ဆီးပစ်မယ့် ပထမအဆင့်ကို အောင်မြင်စွာ ပြီးမြောက်သွားပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့အပတ်ကလည်း အမေရိကန်-အီရန် ပဋိပက္ခဟာ နိုဝင်ဘာလမှာလုပ်မယ့် ကွန်ဂရက် ကြားဖြတ်ရွေးကောက်ပွဲတွေအပြီး ချက်ချင်းပဲ ပြီးဆုံးသွားလိမ့်မယ်လို့ ထရမ့်က ပြောထားပါသေးတယ်။ တစ်ချိန်တည်းမှာပဲ ရွေးကောက်ပွဲမတိုင်ခင်မှာတင် ပြေလည်မှုတစ်ခု ရသွားနိုင်တဲ့ အလားအလာရှိတယ်လို့လည်း သူက ဖွင့်ဟထားပါတယ်။
