နေပြည်တော်၊ စက်တင်ဘာ ၇
ထိုင်းနိုင်ငံ Cultural Relationship of Mainland Southeast Asia (CRMA) Research Center မှ Thermo Drone နှင့် Mavic-2 Zoom Drone တို့ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ လွှဲပြောင်းလှူဒါန်းသည့် အခမ်းအနားကို စက်တင်ဘာ ၇ ရက်က နေပြည်တော်ရှိ အမျိုးသားပြတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်၊ ထိုင်းနိုင်ငံ CRMA အဖွဲ့မှ ညွှန်ကြားရေးမှူး Dr. Surat နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က လက်ခံရရှိသည့် နည်းပညာမြင့် Drone များသည် မြန်မာနိုင်ငံရှိ ရှေးဟောင်းအဆောက်အအုံများနှင့် ရှေးဟောင်းနေရာများကို ကာကွယ်ထိန်းသိမ်းခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့် သုတေသနလုပ်ငန်းများတွင် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း မိန့်ခွန်းပြောကြားခဲ့သည်။
ထို့ပြင် CRMA Research မှ Director Dr. Surat က Drone များ လှူဒါန်းရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး LIDAR Scanner နည်းပညာအသုံးပြု၍ ရှေးဟောင်းသုတေသနလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် နည်းပညာဆိုင်ရာ အချက်အလက်များကို တင်ပြခဲ့သည်။
ယင်းနောက် CRMA အဖွဲ့က နည်းပညာမြင့် Drone များကို လွှဲပြောင်းအပ်နှံရာ ဌာနဘက်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ အဆိုပါ Drone များကို အသုံးချခြင်းဖြင့် မြန်မာနိုင်ငံ၏ ရှေးဟောင်းအမွေအနှစ် အခြေအနေများကို ပိုမိုတိကျစွာ လေ့လာကာကွယ်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
