ပြီးခဲ့သည့် သြဂုတ် ၃၀ ရက်က တောင်ဥက္ကလာပမြို့ နယ်ရှိ ပဒေသာကွင်း၌ယှဥ်ပြိုင်ကစားခဲ့သည့် Grand Royal M League 2026-27 ပြိုင်ပွဲ၊ ပွဲစဉ်အမှတ်(၆)၏ ရန်ကုန်စီးတီး FC နှင့် ရှမ်းယူနိုက်တက် FC ပွဲစဉ်တွင်ဖြစ် ပွားခဲ့သောဖြစ်ရပ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ စည်း ကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီမှ ယနေ့ စက်တင်ဘာ ၁ ရက်တွင် ပြစ်ဒဏ်များအသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။
ကော်မတီက ပွဲစဥ်ယှဥ်ပြိုင်နေစဥ်အတွင်း ကွင်းလယ်ဒိုင်မှ နှစ်ဖက်အသင်းကစားသမား(၂)ဦးအား အနီကတ်ပြထုတ်ပယ်ခြင်းသည် မှန်ကန်သည်ဟုဆုံးဖြတ်ခဲ့သည်။
ထို့ပြင် ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးအောင်ခိုင်နှင့် အသင်းခေါင်းဆောင်နန္ဒကျော်တို့သည် ပြိုင်ပွဲအပြီး မီဒီယာအင်တာဗျူးအစီအစဉ်တွင် ဖြေကြားပြောဆိုခဲ့ခြင်းသည် တာဝန်ကျဒိုင်လူကြီးများနှင့် ပတ် သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်စည်းကမ်းထိန်း သိမ်းရေးမူ အပိုဒ်(၂)၊ အပိုဒ်ခွဲ (၁၇)အားကျူးလွန်ခြင်းဖြစ်၍ ၎င်းတို့(၂)ဦးအား ဒဏ်ကြေးငွေကျပ် (၇၀၀,၀၀၀)စီပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။
ထို့ပြင် ပွဲချိန် (၅၆)မိနစ်၌ ရှမ်းယူနိုက်တက်အသင်းမှ ကျောနံပါတ်(၃၃)ကျော်မင်းဦးသည် ကွင်းလယ်ဒိုင်လူ ကြီးကိုညစ်ညမ်းစွာဆဲဆိုခဲ့ပြီး ပွဲချိန်(၆၆)မိနစ်တွင်လည်း ရန်ကုန်စီးတီးအသင်းမှ ကျောနံပါတ်(၇)အောင်ကောင်းမာန်က ပြိုင်ဘက်အသင်းဂိုးသမားကိုညစ်ညမ်းစွာဆဲဆိုခဲ့ကြသဖြင့် ၎င်းတို့(၂)ဦးအား အနီးကပ်ဆုံး (၂)ပွဲပယ်နှင့် ဒဏ်ငွေကျပ်(၃)သိန်းပေးဆောင်ရန်ပြစ် ဒဏ်ချမှတ်ခဲ့သည်။
