မနက်ဖြန် ဖေဖော်ဝါရီ (၇)ရက်တွင် ကျရောက်မည့် (၇၈) နှစ် မြောက် ရှမ်းပြည်အမျိုးသားနေ့ အထိမ်းအမှတ်ပွဲအတွင်း ပြသမည့် ရှမ်းတိုင်းရင်းသားများသမိုင်းဝင်ပြခန်းကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ယမန်နေ့တွင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သမိုင်းဝင်ပြခန်းကို အထိမ်းအမှတ်ပွဲကျင်းပမည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်၊ နားဆာလဲကျေးရွာရှိ ငြိမ်းချမ်းရေးကွင်းအတွင်း လာရောက်ဖွင့်လှစ်ပေးခဲ့ခြင်ဖြစ်ကြောင်းသိရသည်။
(၇၈)နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို ဖေဖော်ဝါရီ(၇)ရက်မှ (၈)ရက်အထိ (၂)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုလည်းဖိတ်ကြားထားပြီး၊ တောင်ကြီးအခြေစိုက်(ရပခ)၊ ခိုလမ်အခြေစိုက် (ရလခ) နှင့် ကျိုင်းတုံအခြေစိုက် (တသခ)တို့မှ တိုင်းမှူးများ၊ ရှမ်းပြည်တွင်းရှိ နိုင်ငံရေးပါတီ (၇)ခုနှင့် အရပ်ဖက်အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားထားသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။
ဓာတ်ပုံ- Tai Freedom
