မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်တွင် သီတင်းသုံးလျက်ရှိသည့် ရွှေဆံပင်ဆရာတော်နှင့်အဖွဲ့သည် ဖေဖော်ဝါရီလ (၁၅) ရက်မှစတင်၍ ပူတာအိုသို့ သာသနာပြုခရီးသွားရောက်လျက်ရှိကြောင်း သိရသည်။
ရွှေဆံပင်ဆရာတော်နှင့်အဖွဲ့သည် ပူတာအိုသို့ ဖေဖော်ဝါရီလ (၁၅)ရက် ညနေပိုင်းက ရောက်ရှိကြပြီး ဖေဖော်ဝါရီလ (၁၆) ရက် နံနက်က ပန်းလှိုင်ကျောင်းတွင် အရုဏ်ဆွမ်းကပ်ခဲ့ပြီး ဟိုခိုပရဟိတကျောင်းနှင့် ဖန်ခိုင်ပရဟိတ ဘကကျောင်းများသို့ သွားရောက်လှုဒါန်းအားပေးကာ ဖန်ခိုင်ဘကကျောင်းသူကျောင်းသားများကို အာဟာရကျွေးကာ မန်စေရွာသို့ဘုရားဖူးဝင်ရောက်ခဲ့ကြကြောင်း သိရသည်။
“နှစ်တိုင်း ကျောင်းသား တစ်ရာကျော်ရှိပေမယ့် ဒီနှစ်အခက် အခဲအမျိုးမျိုးကြောင့် ကျောင်းသား (၆၀) လောက်သာရှိတော့တဲ့ ပူတာအို ဟိုခိုပရဟိတပညာဒါနကျောင်းကို အလှူငွေကျပ် (၈) သိန်းနဲ့အတူ ငါးနီတူးခြောက်၊ ငံပြာရည်ကြော်နဲ့ ငပိထောင်းတွေ၊ စာရေးကိရိယာများ လှူဒါန်းပါတယ်။ စိတ် ဓာတ်ခွန်အားဖြည့် အားပေးစကားတွေလည်းပြောကြားပေးခဲ့ပါတယ်” ဟု ရွှေဆံပင်ဆရာတော် အရှင်ဝေပုလ္လက မိန့်ကြားသည်။
ဖေဖော်ဝါရီလ (၁၆)ရက် နေ့လယ်ပိုင်းက ရွှေဆံပင်အဖွဲ့သည် ပူတောင်းရွာကို လေ့လာဘုရားဖူးကာ မူလာရှီးဒီးရေခဲ ချောင်းကြိုးတံတားသို့ သွားရောက်ခဲ့ကြပြီး ညပိုင်းတွင် ပန်းလှိုင်ကျောင်းအတွင်း ရွှေဆံပင်ဆရာတော်၏ တရားပွဲကျင်းပခဲ့ကြောင်း သိရသည်။
“ဗုဒ္ဓဘာသာ တစ်အိမ်သာရှိပြီး လီဆူး ရဝမ်ခရစ်ယန်ကျောင်းသား (၉၀) ကျော်ရှိတဲ့ ဖန်ခိုင်ပရဟိတ ဘကကျောင်းကို အလှူငွေ (၈) သိန်းကျော်နဲ့ အတူစာရေးကိရိယာ၊ ငါးခြောက်၊ ငပိထောင်း၊ ငံပြာရည်ကြော်၊ မုန့်တွေလှူဒါန်းပြီး နေ့လည်စာကျွေးခဲ့ပါတယ်။ တစ်လကို အာဟာရအလှူရှင် ဘယ်နှစ်ဦးလောက်ရှိလဲလို့မေးကြည့်တော့ တစ်နှစ်လုံးမှ လေးငါးကြိမ်ပဲ အလှူရှင်ရှိပြီး ရွာထဲက တက်တဲ့ကလေ-းတွေကို အလှူရှင်ရှိတဲ့နေ့ပဲကျွေးပြီး ကျောင်းအိပ်ကျောင်းစား (၄၀)ကျော်ကိုတော့နေ့တိုင်း ချက်ကျွေးရတယ်လို့ဆိုပါတယ်”ဟု ရွှေဆံပင်ဆရာတော်အရှင်ဝေပုလ္လက မိန့်ကြားသည်။
ရွှေဆံပင်ဆရာတော်နှင့် အဖွဲ့သည် ဖေဖော်ဝါရီလ (၁၇)ရက်တွင် ကောင်းမှုလုံဘုရားဖူးကြကာ ခန်ချိုရွာခန်ချိုပရဟိတသို့ ပညာဒါနလှုဒါန်းကြကာ ခန်ချိုရွာ၊ မန်ခွတ်ရွာ ဒကာ၊ ဒါ ယိကာမများနှင့် တွေ့ဆုံအားပေးကြမည်ဖြစ်ပြီး ညပိုင်းတွင် ကောင်းမှုလုံ သံဃာဆောင်တွင် ညအိပ်ကြမည်ဖြစ်သည်။
ဖေဖော်ဝါရီ (၁၈) ရက်တွင် ကောင်းမှုလုံတွင် ကုသိုလ်ကောင်းမှုများပြုကြမည်ဖြစ်ပြီး မချမ်းဘောကျောက်နဂါးဘုရားနှင့် နတ်ကျွန်းဘုရားများအား ဖူးမြှော်ကြမည်ဖြစ်ကာ ကောင်းမှုလုံတွင် ညအိပ်မည်ဖြစ်ပြီး ဖေဖော်ဝါရီလ (၁၉) ရက်တွင် ပူတာအိုမြို့ တောင်တန်းသာသနာပြုဗဟိုကျောင်းသို့သွား ရောက်ကြမည်ဖြစ်ကာ ညပိုင်းတရားပွဲကျင်းပပြီး အလှုရှင်များအား ရေစက်ချတရားချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
