ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ၊ ရွှေကုက္ကိုမြို့သစ်မှ အွန်လိုင်းငွေလိ-မ်လုပ်ငန်းများတွင် လူကုန်ကူး ခံထားရသည့် တရုတ်နိုင်ငံသား (၂၀၀) ကို ထိုင်းနိုင်ငံဘက်သို့ ယနေ့ ဖေဖေါ်ဝါရီ (၂၀) ရက်တွင် BGF က လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တရုတ် နိုင်ငံသား (၂၀၀) ထဲမှ အယောက် (၅၀) ကို ပထမ အသုတ်အနေဖြင့် ထိုင်းနိုင်ငံမှတဆင့် တရုတ်နိုင်ငံသို့ စတင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်နယ်မြေ ဖြစ်သည့် ရွှေကုက္ကိုလ်မြို့သစ်ရှိ ကျားဖြန့်ဂိုဏ်းများကို ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၁၄) ရက် နံနက်အစောပိုင်းက စတင်ပြီး BGF က ဝင်ရောက်စီးနင်းကာ ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး အဆိုပါ လုပ်ငန်းများ၌ အတင်းအဓမ္မအလုပ်ခိုင်းစေခြင်းခံထားရသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာ နိုင်ငံများထံ ပြန်လည်လွှဲပြောင်းနိုင်ရေး စီစဉ်နေခြင်း ဖြစ်သည်
ထိုင်းအခြေစိုက် The Reporters သတင်းဌာန၏ ဖော်ပြချက်အရ လူကုန်ကူးခံရသူများအနက် တရုတ်နိုင်ငံသား (၅၀) ကို ပထမဆုံးအသုတ် အနေဖြင့် China Southern Airlines ဖြင့် ယနေ့ ဖေဖေါ်ဝါရီ (၂၀) ရက် နေ့လယ် (၁၂) နာရီဝန်းကျင်တွင် ပြန်ပို့မည်ဖြစ်ကြောင်း သိရသည်။
ယနေ့ ဖေဖေါ်ဝါရီ (၂၀) ရက်တွင် တရုတ်နိုင်ငံသား (၂၀၀) ကို ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ လွှဲပြောင်းပို့ဆောင်သွားမည်ဖြစ်ပြီး တစ်ကြိမ်လျင် အယောက် (၅၀) နှုန်းဖြင့် (၄) ကြိမ် ပို့ဆောင်မည်ဖြစ်ကြောင်း The Reporters သတင်းဌာနက ဖော်ပြသည်။
ဓာတ်ပုံ – The Reporters
