မြန်မာနိုင်ငံအတွင်းရှိ ရွှေကုက္ကိုလ်သို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၂၅ဝ) ဦး ကိုထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ၏ ထုတ်ပြန်ထားချက်အရ သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိ-မ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကို ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှ တဆင့်ဝင်ရောက်ခဲ့ကြသည့် ပြည်ပ နိုင်ငံသား (၂၅၀) ဦးကို ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် နေ့ချင်းပြီး ဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၃၀) ရက်မှ ဖေဖော်ဝါရီ (၁၉) ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း (၁၅၅၃) ဦးကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ပြီး အမြန်ဆုံးပြည်နှင်လွှဲပြောင်းနိုင်ရေး ဆက်လက်ဆောင် ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများအား ခြိမ်းခြောက်ထိခိုက်မှုများ ရှိလာသည့် နယ်စပ်ဒေသများမှ အွန်လိုင်းလိ-မ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုအပါအဝင် အွန်လိုင်းဒုစရိုက်မှုမျိုးစုံကို အမျိုးသားရေးအသွင်ဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းလက်တွဲကာ ထိထိရောက်ရောက် ပြတ်ပြတ်သားသား တိုက်ဖျက်နှိမ်နင်းပြီး ဥပဒေနှင့်အညီ စနစ်တကျ ထိန်းသိမ်းလွှဲပြောင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းငွေကြေး လိ-မ်လည်မှုအပါအဝင် အခြား ဒုစရိုက်မှုလုပ်ငန်းများမရှိစေရေး ဖော်ထုတ်ခြင်း၊ အရေးယူခြင်းတို့ကို ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင်းလည်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က အသိ ပေးထားသည်။
