ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုလ် နယ်မြေတွင် အွန်လိုင်း လိ-မ်လည်မှုများ၊ အွန်လိုင်း လောင်းကစားမှုများ လုပ်ဆောင်ရန် ငွေကြေးမက်လုံးပေး စည်းရုံးမှုများဖြင့် အဓမ္မ လူ-ကုန်ကူးခြင်းခံရသည့် တရုတ်နိုင်ငံသား (၂၀၀) ကို တရုတ်သို့ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
အဓမ္မလူ-ကုန်ကူးခြင်းခံရသည့် တရုတ်နိုင်ငံသားအမျိုးသား (၁၉၄) ဦး၊ အမျိုးသမီး (၆) ဦး၊ စုစုပေါင်း (၂၀၀) ဦးတို့အား ဖေဖော်ဝါရီလ (၁၄)ရက်တွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရုတ်နိုင်ငံမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် အခွင့်ကောင်းယူ၍ ပြည်ပနိုင်ငံသား အချို့အနေဖြင့် EAO လက်နက်ကိုင်အဖွဲ့များအပါအဝင် ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများ ၏ ပါဝင်ပတ်သက်မှုများဖြင့် အွန်လိုင်း လိ-မ်လည်မှုများ၊အွန်လိုင်း လောင်းကစားမှုများတွင် ပါဝင်ဆောင်ရွက်နေသူ များ၊ တရားမဝင် ဝင်ရောက်နေထိုင်သူများအား ရှာဖွေစိစစ် ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းစဉ်ကို အလေးထားဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ရွှေကုက္ကိုလ် နယ်မြေအတွင်း လိ-မ်လည်မှုများ၊ လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို အမြန်ဆုံးစစ်ဆေးဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးအပ်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထားသည်။
