နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့အတွင်း၌ အပိုင်း(၃)ပိုင်းခွဲကာအောင်မြင်စွာကျင်းပခဲ့သည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မေ ၆ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကျင်းပခဲ့သည့် ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ပြီး အောင်မြင်သည့် ရွေးကောက်ပွဲတစ်ရပ်အဖြစ်ကျင်းပနိုင်ခဲ့သည်ဟု ပြောသည်။
” တစ်နိုင်ငံလုံးအနေနဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၂၄ ဒသမ ၂၃)သန်းအနက် ဆန္ဒမဲပေးသူ(၁၃ ဒသမ ၁၃)သန်းကျော်ရှိခဲ့ပါတယ်။ ဆန္ဒမဲပေးမှုရာခိုင်နှုန်းက (၅၄ ဒသ မ ၂၂)ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ဆန္ဒမဲပေးရာမှာ လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းအများစုဖြစ်ပါတယ်။ အသက်အပိုင်းအခြားအရဆိုရင် မဲပေးသူအများစုက အသက် (၁၈)နှစ်ကနေ(၅၀)နှစ်ကြားဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။
ရွေးကောက်ပွဲ၌ ပြည်သူများဆန္ဒမဲပေးရာတွင် တက်ကြွစွာဖြင့်စည်းကမ်းတကျလာရောက်၍ ဆန္ဒမဲများပေးခဲ့ကြခြင်းသည် ၎င်းတို့၏ သဘောဆန္ဒအလျောက် မဲပေးခြင်းဖြစ်ပြီး မဲပေးရာတွင် စနစ်တကျတန်းစီမဲပေးခဲ့ကြခြင်းသည် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲကို ထောက်ခံအားပေးမှုကိုပြသခြင်း၊ နိုင်ငံတော်အစိုးရ၏ နိုင်ငံရေးအရဆောင်ရွက်ချက်များကိုထောက်ခံမှုပြသခြင်းပင်ဖြစ်သည်ဟု ပြောသည်။
ထို့ပြင် ရွေးကောက်ပွဲ၌ ပါတီ(၅၇)ပါတီဝင်ရောက်ယှဉ် ပြိုင်ခဲ့ကာ တိုင်းနှင့် ပြည်နယ်အားလုံးတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် (၆)ပါတီရှိခဲ့ပြီး (၃၁)ပါတီမှလွှတ် တော်ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်(၁)ဦးတို့ရွေးကောက်ခံခဲ့ရသဖြင့် ဒီမိုကရေစီစနစ်နှင့်အညီအားလုံးပါဝင်သည့် ရွေးကောက်ပွဲကိုကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
