ရေးမြို့နယ်အတွင်းရှိ ကျုံလောင်းကျေးရွာ အပါအဝင် ကျေးရွာ (၄)ရွာရှိ ဒေသခံစစ်ရှောင်ပြည်သူအများစု ၎င်းတို့၏ မူရင်း နေရပ်ကျေးရွာများသို့ ပြန်ကြပြီဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။
ယခုလ ဇန်နဝါရီ (၉)ရက်မှစတင်၍ ကျုံလောင်းကျေးရွာအနီး နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ရာ အဆိုပါ ကျုံလောင်းကျေးရွာအပါအဝင် ဝယ်ပေါင်၊ ဝယ်ဇင်၊ ကျောက်မိချော င်းကျေးရွာတို့မှ ဒေသခံ ၁၀၀၀ ကျော်မှာ ထားဝယ်မြို့ ရေးချောင်းဖျားဒေသရှိ ဓမ္မပါလကျေးရွာသို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ကြရခြင်းဖြစ်သည်။
ဇန်နဝါရီ(၉)ရက်မှစတင်ဖြစ်ပွားခဲ့သော နှစ်ဖက်ထိတွေ့တိုက်ပွဲများသည် (၁၀) ရက်ကျော်အကြာ ပြန်လည်ငြိမ်သက်ခဲ့ခြင်းကြောင့် ဝယ်ပေါင်၊ ဝယ်ဇင်ဒေသခံ စစ်ရှောင်တို့ နေရပ်သို့ ပြန်ကြခြင်းဖြစ်ပြီး၊ ကျုံလောင်းနှင့် ကျောက်မိချောင်းကျေးရွာဒေသခံ စစ်ရှောင်များမှာ ရေးချောင်းဖျားဒေသရှိ ဓမ္မပါလကျေးရွာအတွင်း ဆက်လက်ခိုလှုံနေဆဲရှိသေးကြောင်း သိရသည်။
“ကျုံလောင်းနဲ့ တိုက်ပွဲဖြစ်တဲ့နေရာက လေးမိုင်လောက်ဘဲဝေးတော့ အဲ့ဒီရွာက သူတွေကတော့ မပြန်ရဲကြသေးဘူး။ တိုက်ပွဲတွေကတော့ ငြိမ်သွားပါပြီ။ တိုက်ပွဲနဲ့ဝေးတဲ့ ဝယ်ပေါင်၊ ဝယ်ဇင်ဒေသခံနွေက ပြန်ကုန်ကြပြီ။ ပြန်တဲ့ကျေးရွာသား ရာချီတော့ရှိမှာပေါ့။ ကျန်နေသေးတဲ့ စစ်ရှောင်တွေလည်းစားသောက်ရေးအခက်အခဲတွေရှိတယ်၊ ဆန်တွေလည်းပြတ်နေတော့ တိုက်ပွဲလည်း ငြိမ်သွားပြီဆိုတော့ အချို့စစ်ရှောင်တွေ ပြန်ကြတာပေါ့”ဟု ၎င်းက ရှင်းပြသည်။
လက်ရှိတွင် ကျုံလောင်း၊ ကျောက်မိချောင်းဒေသခံ စစ်ဘေးရှောင်တို့မှာ ရေးချောင်းဖျားဒေသရှိ ဓမ္မပါလရွာအတွင်း ဆက်လက်ခိုလှုံနေကြရဆဲဖြစ်ကာ စားနပ်ရိက္ခာ၊ ဆေးဝါး မလုံလောက်သည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
