လေးမျက်နှာ၊ သြဂုတ်-၅
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ရေဘေးကြောင့် ရေဝင်ရောက်နေသည့် နေအိမ်များ၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် မီတာဘောက်များ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေးအ တွက် မီတာဘောက် ၂၀၀ ကျော်ကို ဖြုတ်သိမ်းထားပြီးဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံကမှ သိရသည်။
လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ မိုင်တိုင်အမှတ် ၂၅/၃ အနီးတွင် ငဝန်ရေ ကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ တူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျကာ ရေ ကျော်စီးဝင်မှု ဖြစ်ပွားခဲ့ပြီးနောက် မြို့ နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအ ချို့ ရေနစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် ဟင်္သာတခရိုင်နှင့် လေး မျက်နှာမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက ရေဝင်နေအိမ်များရှိ မီတာဘောက်များကို ကြိုတင်ဖြုတ်သိမ်းပေးခြင်းနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယမန်နေ့အထိ မီတာဘောက်စုစုပေါင်း ၂၅၅ လုံးကို ဖြုတ်သိမ်းထားပြီးဖြစ်ကာ ရေရှောင်စခန်းနှင့် ကွပ်ကဲရေးရုံး၌ မီး စက်တစ်လုံး တပ်ဆင်ပေးထားပြီး ရေ ဘေးသင့်ပြည်သူများအတွက် လျှပ်စစ်ပစ္စည်းများ အသုံးပြုနိုင်ရန်နှင့် ဖုန်းအားသွင်းနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်း အသိပေးထားသည်။
