ဖိလစ်ပိုင်နိုင်ငံတွင် ရေကြီးရေလျှံမှုထိန်းချုပ်ရေး စီမံကိန်းအတုများနှင့် ဆက်စပ်သည့် အဂတိလိုက်စားမှုအရှုပ်တော်ပုံ၌ ပါဝင်ပတ်သက်မှုဖြင့် သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ၏ ဝမ်းကွဲညီဖြစ်သူ လွှတ်တော်အမတ် မာတင်ရိုမူရယ်လ်ဒေးကို တရားစွဲဆိုပြီးနောက် ရဲတပ်ဖွဲ့က ဆေးရုံ၌ ဖမ်းဆီးခဲ့သည်။
ရိုမူရယ်လ်ဒေးသည် ပုံမှန်မဟုတ်သည့် ဘတ်ဂျက်ထည့်သွင်းမှုများနှင့် စီမံကိန်းရန်ပုံငွေခွဲဝေမှုများမှတစ်ဆင့် ပီဆို ၇ ဒသမ ၄ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၁၇ ဒသမ ၉ သန်းခန့်) ကို လာဘ်ငွေအဖြစ် ရယူခဲ့သည်ဟု အစိုးရရှေ့နေများက စွပ်စွဲထားပြီး တရားစွဲဆိုပြီး နာရီပိုင်းအကြာတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာသည် ပြီးခဲ့သည့်နှစ် ဇူလိုင်လက မိန့်ခွန်းတစ်ရပ်တွင် အကောင်အထည်ပေါ်မလာသည့် အခြေခံအဆောက်အအုံစီမံကိန်းများကြောင့် အခွန်ထမ်းပြည်သူများ ဒေါ်လာဘီလျံနှင့်ချီ၍ နစ်နာခဲ့ရသည့်ကိစ္စကို ထုတ်ဖော်ပြောကြားခဲ့သည်။
ရိုမူရယ်လ်ဒေး၏ ရှေ့နေကမူ ၎င်း၏အမှုသည်သည် စွဲချက်များကို တရားရုံးမှတစ်ဆင့် ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ပြီး တရားမျှတသည့် ကြားနာစစ်ဆေးမှုရရှိရန်သာ တောင်းဆိုကြောင်း ပြောကြားခဲ့သည်။
ရေကြီးရေလျှံမှုထိန်းချုပ်ရေး အဂတိအရှုပ်တော်ပုံနှင့် ဆက်စပ်သူများကိုလည်း အမှုများ ထပ်မံဖွင့်လှစ်ရန် အစိုးရရှေ့နေများက စီစဉ်ထားကြောင်း သိရသည်။
Ref: CNA
