တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး ကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ရေကြီးနေတဲ့ ကွေ့ကန် (Guigang) မြို့မှာ ပိတ်မိနေတဲ့ ထောင်ချီတဲ့ ကျောင်းသားတွေနဲ့ ဆရာဆရာမတွေကို စက်တပ်ရေပေါ်တံတား တွေသုံးပြီး ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ အဲဒီနေရာမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၃၉ ယောက် သေဆုံးခဲ့ပြီး တခြား ၉ ယောက်ကတော့ ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။
အင်္ဂါနေ့ နှောင်းပိုင်းမှာ စံချိန်တင် မိုးရွာသွန်းခဲ့တာကြောင့် ကွေ့ကန်မြို့မှာ ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဒေသတွင်း ပညာရေးနယ်မြေတစ်ခုမှာ ကျောင်းသားတွေနဲ့ ဆရာဆရာမ ထောင်ပေါင်းများစွာ ပိတ်မိသွားခဲ့တာပါ။
ဗုဒ္ဓဟူးနေ့မှာတော့ China Anneng Construction Group က ကယ်ဆယ်ရေးအဖွဲ့တွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကူညီဖို့အတွက် ရေပေါ်ကယ်ဆယ်ရေး လေယာဉ်တင်သင်္ဘောတွေလို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ စက်တပ်ရေပေါ်တံတားတွေကို ယူဆောင်ပြီး အခင်းဖြစ်ပွားရာကို အမြန်ဆုံး သွားရောက်ခဲ့ကြပါတယ်။
၆၀ မီတာ (ပေ ၂၀၀ ခန့်) ရှည်တဲ့ အဲဒီရေပေါ်တံတား(ပလက်ဖောင်း) တစ်ခုစီဟာ တစ်ကြိမ်ကို လူ ၃၀၀ ကျော် သယ်ဆောင်နိုင်ပါတယ်။ တပ်ဆင်ဖို့ဆိုရင်လည်း ၁၀ မိနစ်ကျော်လေးပဲ အချိန်ယူရတာပါ။
ဒါပေမဲ့ ဒီလို ကြီးမားတဲ့ ပစ္စည်းကိရိယာကြီးကို ရေမြုပ်နေတဲ့ ကျောင်းဝင်းထဲမှာ အသုံးပြုရတာဟာ အပ်ပေါက်ထဲ အပ်ချည်ကြိုးထိုးထည့်ရသလို အတော်လေးကို ခက်ခဲပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ ရေအောက်ရောက်နေတဲ့ အတားအဆီးတွေနဲ့ ကျောင်းဆောင်တွေကြားက ကျဉ်းမြောင်းတဲ့ လမ်းကျဉ်းလေးတွေထဲမှာ သတိထားပြီး မောင်းနှင်ခဲ့ရပါတယ်။
“ကျွန်တော်တို့ ဒီရေယာဉ် သုံးစုံကို အသုံးပြုခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အတွင်းဘက် မြေပြင်အခြေအနေက ရှုပ်ထွေးပြီး တချို့နေရာတွေက အရမ်းကျဉ်းလို့ပါ။ ဒီသုံးစုံကို တစ်လှည့်စီ သုံးတာက ကျွန်တော်တို့ကို ပိုပြီးသွက်လက်စေတယ်၊ လုံခြုံစေတယ်၊ ပြီးတော့ အလုပ်ပိုတွင်စေပါတယ်” လို့ China Anneng Group First Engineering Bureau ရဲ့ အရေးပေါ်ကယ်ဆယ်ရေးဌာန အကြီးအကဲ ဘီယန်ဖန်း(Bian Fang) က ပြောပါတယ်။
ဒီစက်တပ်ရေပေါ်တံတားတွေရဲ့ ကြီးမားတဲ့ သယ်ဆောင်နိုင်စွမ်းကို အသုံးချပြီး ကယ်ဆယ်ရေးအဖွဲ့တွေဟာ အံ့ဩစရာကောင်းလောက်အောင်ကို စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။ ကျောင်းသားနဲ့ ဝန်ထမ်း ၆,၀၀၀ ကျော်ကို နာရီ ၂၀တောင် မပြည့်တဲ့ အချိန်အတွင်းမှာ ဘေးကင်းရာကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့တာပါ။
“ကျွန်တော်တို့ သုံးရက်နဲ့ နှစ်ညတိတိ ပိတ်မိနေခဲ့တာဗျ။ အခြောက်အခြမ်းလေးတွေ စားပြီး အသက်ဆက်ခဲ့ရတာပေါ့။ ညဘက်ဆိုလည်း ချွေးတွေပြန်၊ ဗိုက်တွေဆာပြီး နိုးလာတတ်တယ်။ ပူပူနွေးနွေး အစားအစာဆိုတာ လုံးဝမရှိဘူးလေ။ အစပိုင်းတုန်းကတော့ အပြင်ကို ဆက်သွယ်လို့ရသေးပေမဲ့ နောက်တော့ ဖုန်းတွေအားကုန်သွားတယ်။ နောက်ဆုံး ကယ်ဆယ်ရေးသမားတွေ ရောက်လာတာကို မြင်လိုက်ရတော့ အိမ်ပြန်ဖို့ လမ်းစလေး မြင်လိုက်ရသလို ခံစားရတယ်။ အားလုံးကလည်း ဝမ်းသာအားရ အော်ဟစ် အားပေးခဲ့ကြတယ်” လို့ ကွမ်ရှီး ထောက်ပံ့ပို့ဆောင်ရေး သက်မွေးဝမ်းကျောင်းနဲ့ နည်းပညာကောလိပ်(Guangxi Logistics Vocational and Technical College) က ကျောင်းသား ချင်ကျိယုံ (Qin Zhiyong) က ပြောပါတယ်။
“မိုးလင်းတာနဲ့ မနက် ၆ နာရီမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပြန်စခဲ့ပါတယ်။ အမှောင်ထဲမှာ လုပ်ရတာက အရမ်းအန္တရာယ်များလို့ပါ။ သူတို့ကို အရမ်းကျေးဇူးတင်ပါတယ်။ သူတို့ အရမ်းကို ကြိုးစားပန်းစား လုပ်ပေးခဲ့ကြတာပါ။ ကျွန်တော်တို့ ဒီအခက်အခဲကို ကျိန်းသေပေါက် ကျော်လွှားနိုင်မှာပါ” လို့ အဆိုပါ ကောလိပ်ရဲ့ ကျောင်းသားရေးရာဌာနမှူး လင်းဖုန်း(Lin Feng) က ပြောပါတယ်။