ရန်ကုန်၊ စက်တင်ဘာ ၁၆
ရန်ကုန်မြို့ရှိ ကန်သာယာနိုင်ငံတကာအထူးကုဆေးရုံနှင့် မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံတို့သည် American Accreditation Commission International (AACI) ထံမှ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်နှင့် ဆေးကုသမှုဆိုင်ရာ ထူးချွန်လက်မှတ်များ ရရှိခဲ့ကြောင်း သိရသည်။
ကန်သာယာနိုင်ငံတကာအထူးကုဆေးရုံသည် အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုကုသမှု ဝန်ဆောင်မှုများအတွက် Clinical Excellence Certification ကို ၂၀၂၆ ခုနှစ် ဩဂုတ်လတွင် ရရှိခဲ့ခြင်းဖြစ်ပြီး မှန်ပြောင်းကြည့်ရှုကုသမှုဆိုင်ရာ ဘေးကင်းလုံခြုံရေး၊ တိကျမှုနှင့် လူနာစောင့်ရှောက်မှုတို့အပေါ် အခြေခံ၍ အသိအမှတ်ပြုခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံသည် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းများအတွက် AACI ၏ နိုင်ငံတကာအသိအမှတ်ပြုစံနှုန်း V6.1 ကို ၂၀၂၆ ခုနှစ် ဩဂုတ်လတွင် ရရှိခဲ့သည့်အပြင် သားဖွားဝန်ဆောင်မှုများအတွက် Clinical Excellence Certification ကိုလည်း ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အသိအမှတ်ပြုမှုတွင် မီးဖွားမှုဆိုင်ရာ ဘေးကင်းလုံခြုံရေး၊ မွေးကင်းစကလေး စောင့်ရှောက်မှုနှင့် ကလေးအထူးကု ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စံနှုန်းများ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် ဆေးရုံများသည် လူနာဘေးကင်းရေး၊ လုပ်ငန်းလည်ပတ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စံနှုန်းများအပေါ် အခြေခံသည့် AACI ၏ “High Reliability Degree” အသိအမှတ်ပြုမှုကိုလည်း ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
AACI သည် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းများ၏ လူနာဘေးကင်းရေး၊ ဆေးကုသမှုအရည်အသွေးနှင့် လုပ်ငန်းဆောင်ရွက်မှုစနစ်များကို သတ်မှတ်စံနှုန်းများအပေါ် အခြေခံ၍ အသိအမှတ်ပြုပေးသည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။
