စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းက ဦးဆောင်၍ ရန်ကုန်မြို့တွင် သုံးကြိမ်မြောက် ဆေးဝါးများ ရောင်းချခြင်း အစီအစဉ်ကို ယနေ့ ဖေဖေါ်ဝါရီလ (၃) ရက်တွင် စတင်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ကုန်သည်လမ်းနှင့် လမ်း (၃၀) ထောင့်ရှိ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေး အဆောက်အဦးတွင် ယနေ့ ဖေဖော်ဝါရီလ (၃) ရက်မှစတင်ပြီးဖေဖော်ဝါရီလ (၇) ရက်ထိ နံနက် (၉) နာရီမှစတင်ကာ ဆေးကုမ္ပဏီများက အများပြည်သူထံဆေးဝါးများ တိုက်ရိုက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆေးအရောင်းပွဲတော်တွင် ဆေးကုမ္ပဏီ (၆၁) ခုမှ ပြင်ပတွင်ဝယ်ယူရခက်ခဲ့သည့်ဆေးဝါးများကို ရောင်းချပေးလျက်ရှိပြီး ဆေးဝါးမှားယွင်းဝယ်ယူမိခြင်းမရှိစေရန်နှင့် အာနိသင်ရှိသော အလားတူ ဆေးဝါးများကိုစိတ်ချစွာ ဝယ်ယူနိုင်ရန်အတွက် ဆွေးနွေးတိုင်ပင်၊ လမ်းညွန်မှုပြုပေးနိုင်ရန် ဆရာဝန်နှင့် ဆေးဝါးနားလည် ကျွမ်းကျင်သူများထားရှိ၍ ဝန်ဆောင်မှုပေးထားကြောင်းလည်း သိရသည်။
ပဲခူးတိုင်းဒေသကြီးတွင်လည်း အရောင်းစင်တာများ ထပ်မံဖွင့်လှစ်၍ ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့တိုက်ရိုက်ဆေးဝါးရောင်းချခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
