ပဲခူးတိုင်း အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေ(မူကြမ်း)ကို မနက်ဖြန် စက်တင်ဘာ ၂၂ ရက်နံ နက်တွင်ကျင်းပမည့် တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(ပထမနေ့) ၌တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဥပဒေမူကြမ်းကို ပဲခူးတိုင်းအစိုးရအဖွဲ့ စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန် ကြီးကတင်သွင်းသွားမည်ဖြစ်ကာ တိုင်းအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးကလည်း ၂၀၂၇-၂၀၂၈ ခုနှစ် ဘဏ္ဍာရေးနှစ် ပဲခူးတိုင်း၏ ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်းလျာထားချက်ကိုတင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒေါက်တာပွင့်ဆန်း၊ ဒိုက်ဦးမြို့နယ်ကိုယ်စား လှယ်အမှတ်(၁)က ကွယ်လွန်သွားသော ဦးအုန်းသွင်၊ သဲကုန်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)အတွက် “ဝမ်း နည်းကြောင်းအဆို”ကိုတင်သွင်းပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကထောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ပဲခူးတိုင်းလွှတ်တော် ဥပဒေရေးရာကိစ္စရပ်များလေ့လာရေးနှင့် ဥပဒေကြမ်းကော်မတီပြောင်းလဲပြင်ဆင်ဖွဲ့စည်းခြင်းကို တိုင်းလွှတ်တော်၏အတည်ပြုချက်ရယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်းများ ဆွေးနွေးမေးမြန်းမှုကို သက်ဆိုင်ရာတိုင်းအဆင့် အဖွဲ့အစည်းဝင်များကပြန်လည်ဖြေကြားသွားမည်ဖြစ်ကြောင်း သိရသည်။
