ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ ဦးမြင့်ဆွေ၏စျာပန ကို ယနေ့ သြဂုတ် ၁၁ ရက် နေ့လည်က နေပြည်တော်တွင် နိုင်ငံတော်အဆင့်အခမ်းအနားဖြင့်ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဖိတ်ကြားထားသူများ၊ ယာယီ သမ္မတ၏ လုပ်ဖော်ကိုင်ဖက်များ၊ သံတမန်များ၊ ရဲဘော်ရဲဘက်ဟောင်းများ၊ မိသားစုဆွေမျိုးများ၊ မိတ်ဆွေသင်္ဂဟများ တက်ရောက်ကြသည်။
ယာယီသမ္မတ ဦးမြင့်ဆွေ၏ ရုပ်ကလာပ်အား သယ်ဆောင်လာသည့် ဈာပနယာဉ်တန်း စစ်သင်္ချိုင်းသို့ ချီတက်ရာလမ်းတလျှောက်တွင်လည်း ဌာနဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက နုတ်ဆက်အလေးပြုခဲ့ကြသည်။
အခမ်းအနားသို့ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး၊ ပြည်ထောင်စုအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများတက်ရောက်ကြသည်။
သမ္မတ(ငြိမ်း)ဦးသိန်းစိန်နှင့်ဇနီး၊ဦးရွှေမန်း စသည့် တပ်မတော်အငြိမ်းစားအရာရှိကြီးများလည်း တက်ရောက်သည်ကိုတွေ့ရသည်။
ယာယီသမ္မတ ဦးမြင့်ဆွေသည် အဘ ဦးကြီးမောင်၊ အမိ ဒေါ်ကြည် တို့မှ မန္တလေးမြို့၌ ၁၉၅၁ ခုနှစ်၊ ဇွန်လ (၂၄) ရ က်တွင် မွေးဖွားခဲ့သူဖြစ်သည်။
၎င်းသည် ၁၉၆၉ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင် တန်းအမှတ်စဉ် (၁၅)သို့ တက်ရောက်ပြီး ၁၉၇၃ ခုနှစ်တွင် ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။
၎င်းအနေဖြင့် အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊တပ်မတော် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အမှတ်(၅)စစ်ဆင်ရေး အထူးအဖွဲ့မှူး စသဖြင့် အဆင့်ဆင့် တပ်မတော်တာဝန်များကို ထမ်းဆောင်ခဲ့သည်။
ထို့ပြင် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ပထမလွှတ်တော်သက်တမ်းကာလတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တာဝန်ကိုလည်းကောင်း၊ ၂၀၁၆ ခုနှစ်မှ၂၀၂၁ ခုနှစ်အထိ ဒုတိယလွှတ်တော်သက်တမ်းကာလတွင် ပြည် ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ ဒုတိယသမ္မတ(၁) တာဝန်ကိုလည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ နိုင်ငံတော်အားအရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလမှ ကွယ်လွန်ချိန်အထိယာယီသမ္မတတာဝန်ကိုလည်းကောင်း ထမ်းဆောင်ခဲ့သည်။
ယာယီသမ္မတ ဦးမြင့်ဆွေသည် နိုင်ငံတော် စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတံဆိပ်၊ မိုင်းယန်း/မဲသဝေါတံဆိပ်၊ စစ်မှုထမ်းကောင်းတံဆိပ်၊ သင်္ဂဟတံဆိပ်၊ သရေစည်သူဘွဲ့၊ သတိုးသီရီသုဓမ္မဘွဲ့၊ သတိုးမဟာသရေစည်သူဘွဲ့များကိုလည်း ချီးမြှင့်ခံခဲ့ရသူဖြစ်သည်။
၎င်းအနေဖြင့် အစိုးရအဆက်ဆက် အမျိုး၊ ဘာသာ၊ သာသနာအတွက် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့် မြောက်မြားစွာသောကော်မတီ အရပ်ရပ်တွင်လည်း ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတာဝန်များကို ပေးအပ်ခံရပြီးတာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်သက်ဌေး၊ သမီး ဒေါ်ခင်သက်ထားဆွေနှင့် သားဗိုလ်ကြီး ကျော်ဘုန်းမြင့်(ငြိမ်း)တို့ ကျန်ရစ်ခဲ့သည်။
