ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ အမှတ် (၁)ချစ်ကြည်ရေးတံတားတွင် ယနေ့ဖေဖော်ဝါရီ (၁၀)ရက် နံနက်ပိုင်း၌ ထိုင်းနိုင်ငံဘက်သို့ စက်သုံးဆီသွားရောက်ဝယ်ယူမည့် ယာဉ်ရာနှင့်ချီတန်းစီစောင့်ဆိုင်းနေကြကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
” အရင်ရက်တွေက အဲဒီလောက်မများဘူး။ ဒီနေ့မှ များလာတာ။ ဘာကြောင့်လည်းဆိုတော့ မြဝတီမှာက စက်သုံးဆီ အလုံအလောက် ဝယ်လို့မရတော့ ထိုင်းဘက်ခြမ်းသွားဝယ်ကြတာပေါ့။ ထိုင်းဘက်ကလည်း ယာဉ်တစ်စီးစာအပြည့်ပေးဝယ်ခွင့်ပြုပေမယ့် အပို ဝယ်ယူတင်ဆောင်တာ ခွင့်မပြုပါဘူး”ဟု ရှင်းပြသည်။
လက်ရှိတွင် မြဝတီမြို့တာဝန်ရှိသူများ တံတားထိပ်တွင်သွားရောက်ကြီးကြပ်ဆောင်ရွက်နေပြီး မြဝတီမြို့ စက်သုံးဆီ လုံလောက်ရေးအတွက် ဘားအံမြို့မှ တဆင့် သယ်ဆောင်ရောင်းချနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
လက်ရှိ မြဝတီမြို့ရှိ စက်သုံးဆီဆိုင်များ ယခင်ကဲ့သို့ အချိန်ပြည့် ဖွင့်လှစ်ရောင်းချခြင်းမရှိတော့ဘဲ အချိန်ပိုင်းဖြင့်သာ ဖွင့်လှစ်ရောင်းချနေခြင်းကြောင့် ဝယ်ယူလိုသူများပြားနေခြင်းဖြစ်သည်။
ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံနယ်စပ် မြဝတီမြို့အပါအဝင် နေရာ (၅)နေရာအား လျှပ်စစ်မီးဖြတ်တောက်လိုက်သည့်အပြင် စက်သုံးဆီတင်သွင်းမှုကိုပါ ရပ်ဆိုင်းလိုက်သဖြင့် ဒေသခံပြည်သူများ အခက်ကြုံတွေနေကြရကြောင်း သိရသည်။
ဓာတ်ပုံ -ဘီဝမ်း
