Online လောင်းကစားနှင့် ငွေကြေးလိ-မ်လည်မှုများမှ ဖမ်းဆီးရမိခဲ့သည့် ပြည်ပနိုင်ငံသားများပြန်လည်လွှဲပြောင်းပေးရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန် မြန်မာ-တရုတ်-ထိုင်း(၃)နိုင်ငံကိုယ်စားလှယ်များ ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်က မြဝတီမြို့သို့ရောက်ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တရားမဝင်ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီအမြန်ဆုံးအရေးယူပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးဗဟိုကော်မတီအတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်နှင့် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ၊ တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန လက်ထောက်ဝန်ကြီး H. E. Mr. Liu Zhong Yi နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနမှ အထွေထွေအတွင်းရေးမှူး General Daisa Insomlas နှင့် တာဝန်ရှိသူများရောက်ရှိနေကြောင်း သိရသည်။
၎င်းတို့သည် မြဝတီမြို့-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့်ဝင်ရောက်နေသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ်ပြီး ကောင်းမွန်စွာထိန်း သိမ်းထားမှု၊ ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူနေမှုတို့ကို ကြည့်ရှုခဲ့ကြသည်။
ထို့ပြင် (၃)နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မြဝတီမြို့၌ထိန်းသိမ်းထားသော ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးလွှဲပြောင်းပေးအပ်နိုင်ရေးအတွက်လည်း ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်လျက်ရှိသည်။
မြန်မာအစိုးရမှ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကိုတစ်ဆင့်ဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်ကာ မြဝတီမြို့ – ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိသည်။
ထိုသို့ စစ်ဆေးဖော်ထုတ်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အထိ ပြည်ပနိုင်ငံသား(၁၀၃၀)ဦးကို ဖော်ထုတ်ထိန်း သိမ်းနိုင်ခဲ့ပြီး ၎င်းတို့အား ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
