ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ သုတေသနနှင့် ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျနှင့် အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရန် ဟိုတယ်နှင့်ခရီးသွားလာရေး၊ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က တိုက်တွန်းပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ပုဂံဒေသရှိ ငကျွဲနားဋောင်းဘုရား အုတ်မြစ်တူးဖော်သုတေသနလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) နှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပုဂံဒေသ ထိန်းသိမ်းဖော်ထုတ်ရေးဆိုင်ရာ လုပ်ငန်းများကို ဆွေးနွေးခဲ့သည်။
လက်ရှိတွင် မီးငြိမ်းကုန်းဂူဘုရား၊ မဟာဗောဓိဂူဘုရားနှင့် နတ်လျောင်းကျောင်းတို့၌ အိန္ဒိယနိုင်ငံ Archaeological Survey of India (ASI) မှ ပညာရှင်များက ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ နိုင်ငံပိုင် ပုဂံသံတဲဟိုတယ်နှင့် သဗ္ဗညုဂူဘုရားတို့တွင်လည်း တရုတ်-မြန်မာ ချစ်ကြည်ရေး ပြန်လည်ပြုပြင်ထိန်းသိမ်းရေးစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
