ကျန်းမာရေးဝန်ကြီးဌာန၏ အစိုးရသစ် ရက်(၁၀၀)စီမံချက်တစ်ရပ်အဖြစ် မြန်မာ-တရုတ်ပူးပေါင်းဆောင်ရွက်သည့် “မြန်မာနိုင်ငံ နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ် စီမံချက်” ကို မေ ၁၄ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။
“နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ် စီမံချက်ကို ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ပါသည်” ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက စီမံချက်စတင်ကြောင်း အသိပေးအခမ်းအနားတွင် ပြောကြားခဲ့သည်။
အဆိုပါ “မြန်မာနိုင်ငံ နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ် စီမံချက်” ကို မြန်မာ-တရုတ်ပူးပေါင်း၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် ကန်သာယာဆေးရုံတို့တွင် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး တစ်နှစ်အတွင်း လူဦးရေ ၁ သိန်းကို စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စီမံချက်ကို နိုင်ငံတစ်ဝန်းလွှမ်းခြုံနိုင်ရေးအတွက်လည်း ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စီမံချက်အရ နှလုံးရောဂါဖြစ်နိုင်ခြေမြင့်မားသူများ၊ အားကစားသမားများ၊ လေယာဉ်မောင်းသူများ၊ အဝေးပြေးယာဉ်နှင့် ခရီးသည်တင်ယာဉ်မောင်းများသည် AI ECG စနစ်တပ်ဆင်ထားသည့် ဝတ်ဆင်ရလွယ်ကူသော အထူးဝတ်စုံကို အသုံးပြု၍ မိမိတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို မထိခိုက်စေဘဲ ၂၄ နာရီပတ်လုံး နှလုံးရောဂါအန္တရာယ် စစ်ဆေးမှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရရှိလာသည့် အချက်အလက်များကို ဆော့ဖ်ဝဲလ်စနစ်များဖြင့် ခွဲခြမ်းစိတ်ဖြာကာ ရလဒ်များကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။