မြန်မာ-ဂျပန်နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် လွှတ်တော်ကဏ္ဍမှစတင်ဆောင်ရွက်၍ရသည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက ဂျပန်နိုင်ငံအောက်လွှတ်တော်အမတ် Honorable Mr. TAKEI Shunsuke နှင့် စက်တင်ဘာ ၁၄ ရက်က နေပြည်တော်၌ တွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်၌ လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေးအဖွဲ့များဖွဲ့စည်း၍ အခြားနိုင်ငံများနှင့် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးဆောင်ရွက်လျက်ရှိကာ ဂျပန်အောက်လွှတ်တော်နှင့်လည်း ချစ်ကြည်ရင်းနှီးစွာဆက်ဆံနိုင်ရေးအတွက် မြန်မာ-ဂျပန်လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့ ဖွဲ့စည်းထားသည်ဟု ပြောသည်။
ထို့ကြောင့် ဂျပန်နိုင်ငံအောင်လွှတ်တော်အမတ်လာရောက်ခြင်းသည် လွှတ်တော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်ရန်အတွက် ပထမခြေလှမ်းပင်ဖြစ်၍ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် လွှတ်တော်ကဏ္ဍမှစတင်ဆောင်ရွက်၍ရသည်ဟု ပြောသည်။
နှစ်နိုင်ငံကြား လွှတ်တော်ချင်းထိတွေ့ဆက်ဆံရေး၊ လွှတ်တော်ကော်မတီချင်းဆက်ဆံရေး၊ လူငယ်၊ အမျိုးသမီးနှင့် နည်းပညာကဏ္ဍများတွင်ပူးပေါင်းဆောင်ရွက်လိုကာ ချစ်ကြည်ရင်းနှီးမှုများဖြင့် ကာလကြာရှည်စွာ ဆက်ဆံရေးကောင်းမွန်သည့် မြန်မာ-ဂျပန်နှစ်နိုင်ငံအတွက် ဆက်ဆံရေးပြန်လည်တိုးမြှင့်ရန်ဆောင်ရွက်မှုများအခက်အခဲရှိလိမ့်မည်မဟုတ်ဟုယုံကြည်သည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက ပြောကြားခဲ့သည်။
