မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် စိမ်းလန်းစိုပြည်ဂါးဒင်းတို့ ပူးပေါင်းကျင်းပသည့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်အကြိုပွဲကို ၂၀၂၆ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်မှ ည ၇ နာရီအထိ စိမ်းလန်းစိုပြည်ဂါးဒင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပွဲတွင် ဇီဝိတဒါနအဖြစ် ငှက်လွှတ်ခြင်းနှင့် ငါးလွှတ်ခြင်းများ ပြုလုပ်ခဲ့ပြီး ပါဝင်သူများက မုန့်လုံးရေပေါ်များကို အတူတကွ ပြုလုပ်စားသုံးကြကာ စတုဒီသာများလည်း ဖြန့်ဝေခဲ့ကြသည်။
ထို့ပြင် သနပ်ခါးလှလှ လိမ်းခြယ်ခြင်းနှင့် သင်္ကြန်ယိမ်းအကများဖြင့် မြန်မာ့ရိုးရာပွဲတော်၏ အလှတရားများကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။
ပွဲတက်ရောက်လာသူများအနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်ရန်၏ အရေးပါမှုကို သိမြင်နားလည်စေသည့်အပြင် နှစ်သစ်ကူးသင်္ကြန်ကာလအတွက် ပျော်ရွှင်မှုနှင့် ညီညွတ်မှုများကို တိုးမြှင့်ပေးနိုင်ခဲ့ကြောင်း သိရသည်။
