တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ သီးခြားစီတွေ့ဆုံးဆွေးနွေးမှုများ ပြုလုပ်လျက်ရှိရာ TNLA နှင့် တပ်မတော် ကိုယ်စားလှယ်များ ဖေဖေါ်ဝါရီ (၁၆) ရက်တွင် ကူမင်း၌ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
၁၀၂၇ စစ်ဆင်ရေး အမည်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသများတွင် တိုက်ပွဲများဖော်ဆောင်ကာ နယ်မြေထိန်းချုပ်မှုများ လုပ်ဆောင်ထားပြီးနောက် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် မြောက်ပိုင်း ညီနောင်မဟာမိတ်များဖြစ်သည့် M NDAA ၊TNLA နှင့် AA ကိုယ်စားလှယ်များနှင့် မြန်မာ့ တပ်မတော် ကိုယ်စားလှယ်အဖွဲ့တို့ ကူမင်းမြို့၌ ဟိုင်ဂင်ဆွေးနွေးပွဲ (၆) ကြိမ် ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲ (၆) ကြိမ်တွင် ရလဒ်မထွက်ခဲ့သည့် အတွက် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလလယ်နှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ လလယ်ပိုင်းတို့တွင် MNDAA နှင့် တပ်မတော်ကိုယ်စားလှယ် ကူးမင်း၌ (၂) ကြိမ် သီးသန့်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲ၏ ရလဒ်အနေဖြင့် တပ်မတော်နှင့် MN DAA တို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုကိုဖော်ဆောင်နိုင်ခဲ့သည့်အခြေအနေဖြစ်သည်။
ယခုအကြိမ်တွင် TNLA နှင့် ထပ်မံဆွေးနွေးမည်ဖြစ်ပြီး ယနေ့ ဇန်နဝါရီ (၁၅) ရက်တွင် နှစ်ဘက်ကိုယ်စားလှယ်အဖွဲ့များ ကူမင်းမြို့သို့ ရောက်ရှိနေပြီးဖြစ်ကြောင်း သိရသည်။
TNLA ကိုယ်စားလှယ်အဖွဲ့ကို ဒုဗိုလ်ချုပ်ကြီး တားဂျုတခဂျားမှ ဦးဆောင်ပြီး မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် (၉) ဦးတက်ရောက်မည်ဖြစ်ပြီး မြန်မာကိုယ်စားလှယ်ဖက်မှ MNDAA အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သူ ကစထ(၁) မှူးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးမှ ဦးဆောင်မည်ဖြစ်ကြောင်း သိရသည်။
TNLA နှင့် ဆွေးနွေးပြီးပါက ရက်အပိုင်းအခြား တစ်ခုသတ်မှတ်ကာ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်ဖြစ်သည့် AA နှင့်ပါ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပေါ်ပြူလာနယူးစ်မှ စုံစမ်းသိရှိထားသည်။
ပုံစာ – ကူမင်းတွင် ပြုလုပ်သည့် ဟိုင်ဂင်အစည်းအဝေးမြင်ကွင်း(ပုံဟောင်း)
