မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း ပါဝင်ယှဉ်ပြိုင်မည့် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ -Aichi-Nagoya 2026 Asian Games အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ အုပ်စုမဲခွဲပွဲကို ဇူလိုင် ၂၃ ရက်တွင် ဂျပန်နိုင်ငံရှိ Hilton Nagoya ဟိုတယ်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အုပ်စုမဲခွဲပွဲအပြီးတွင် မြန်မာအသင်း၏ အုပ်စုနှင့် ပြိုင်ဘက်အသင်းများကို တရားဝင် သိရှိရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ဂျပန်နိုင်ငံ၌ စက်တင်ဘာလအတွင်းကျင်းပမည့် (၂၀)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားသည်။
အမျိုးသမီးဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၁၄ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ဂျပန်နိုင်ငံရှိ ဖူကူရွိုင်း၊ အိုဆာကာ၊ ဂီဖူ၊ နာဂိုယာနှင့် ကာရိယမြို့များတွင် ကျင်းပမည်ဖြစ်သည်။
ပြိုင်ပွဲတွင် အိမ်ရှင်နှင့် လက်ရှိချန်ပီယံ ဂျပန်အသင်းအပါအဝင် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တရုတ်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ တရုတ်တိုင်ပေ၊ ဟောင်ကောင်၊ ဥဇဘက်ကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
လက်ရှိတွင် မြန်မာအမျိုးသမီးအသင်းကို ဂျပန်လူမျိုး နည်းပြချုပ် Mitsuo Kato က ဦးဆောင်ကိုင်တွယ်နေသည်။
