ရန်ကုန်၊ ဇူလိုင် ၃၀
Towards Empathy Project ၏ အစီအစဉ်တစ်ခုဖြစ်သည့် “A Tapestry of Personal Stories – ကိုယ်ပိုင်ဇာတ်လမ်းများ” အတွက် မြန်မာဘာသာဖြင့် ရေးသားထားသော စာမူများကို စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ စာမူဖိတ်ခေါ်ပွဲတွင် မြန်မာဘာသာဖြင့် ရေးသားသူ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ကဗျာ၊ ဝတ္ထုတို၊ အက်ဆေးနှင့် ရိုးရာပုံပြင် ဟူသည့် စာပေအမျိုးအစား (၄) မျိုးကို လက်ခံသွားမည်ဖြစ်သည်။
တင်သွင်းသည့် စာမူများသည် ကိုယ်ပိုင်အတွေ့အကြုံ သို့မဟုတ် စိတ်ကူးယဉ် ဖန်တီးထားသည့် မူရင်းလက်ရာများ ဖြစ်ရမည်ဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်မှု၊ ကိုယ်ပိုင်အမှတ်သညာ၊ ကျား/မ ကွဲပြားစုံလင်မှု၊ မျိုးဆက်များ၏ အတွေ့အကြုံ၊ ပညာရေး၊ လူမှုအသိုက်အဝန်းနှင့် စာနာနားလည်မှု စသည့် အကြောင်းအရာများကို အခြေခံရမည်ဖြစ်သည်။
ပါဝင်လိုသူများအနေဖြင့် စာမူများကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်၊ ည ၁၁:၅၉ နာရီ (မြန်မာစံတော်ချိန်) နောက်ဆုံးထား၍ [email protected] သို့ အီးမေးလ်မှတစ်ဆင့် ပေးပို့လျှောက်ထားရမည် ဖြစ်သည်။
ပါဝင်ယှဉ်ပြိုင်မှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို Goethe-Institut Myanmar ဝဘ်ဆိုက်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပြီး၊ ထပ်မံသိရှိလိုပါက [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
