မြန်မာနိုင်ငံနှင့် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့အခြေစိုက် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး UNOPS တို့အကြား မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services-UNOPS) ၏ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး Ms. Kirstine Damkjaer တို့ ဖေဖော်ဝါရီ (၆) ရက်၊ နံနက် (၁၀)နာရီခွဲအချိန်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ထိုသို့ တွေ့ဆုံရာတွင် UNOPS က မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး၊ မြန်မာနိုင်ငံနှင့် UNOPS တို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
၎င်းအစည်းအဝေးသို့ UNOPS ၏ အာရှဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr. Sanjay Mathur ၊ UNOPS ၏ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ်ဖြစ်သူ Ms. Sara Austin Netzer နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
