မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တဆင့် တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၇၃၈) ဦးအား ဆက်လက်လွှဲပြောင်းပေးအပ်နိုင်ရေး ညှိနှိင်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံပိုင်သတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ပြည်ပနိုင်ငံသားများမှာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တဆင့် တရားမဝင် ဝင်ရောက်လာကြောင်း သိရသည်။
ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိ-မ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ဇန်နဝါရီ (၃၀) ရက်မှ ဖေဖော်ဝါရီ (၁၅) ရက်အထိ ပြည်ပနိုင်ငံသား (၇၉၉) ဦးကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများအနက် (၆၁) ဦးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၃၁) ရက်တွင် ထိုင်းနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ (၁၁) ရက်တွင် ပြည်ပနိုင်ငံသား (၆၉) ဦး၊ ဖေဖော်ဝါရီ (၁၄) ရက်တွင် ပြည်ပနိုင်ငံသား (၂၀၀)ဦး၊ ဖေဖော်ဝါရီ (၁၅) ရက်တွင် ပြည်ပနိုင်ငံသား (၄၆၉) ဦး စုစုပေါင်း (၇၃၈) ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများကို စာရင်းကောက်ယူပြီးလည်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၇၉၉) ဦးမှာ တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှား၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ ကာဂျစ်စတန်၊ ဗီယမ်နမ်၊ ယူဂါန်ဒါ၊ ထိုင်းနိုင်ငံနှင့် တရုတ်(တိုင်ပေ)တို့မှ နိုင်ငံသားများ ပါဝင်ကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။
နိုင်ငံတော်အနေဖြင့် ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်း Online လိ-မ်လည်မှုများ၊ Online လေ-ာင်းကစားမှုများနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို အမြန်ဆုံးစစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးအပ်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။
