နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပေါ်နိုင်သည့် အခြေအနေများနှင့်စပ်လျဉ်း၍ စင်ကာပူနိုင်ငံအခြေစိုက် အာဆီယံမိုးလေဝသ စောင့်ကြည့်လေ့လာရေးဗဟိုဌာန (ASEAN Specialized Meteorological Center – ASMC) က မဲခေါင်ဒေသခွဲအတွက် သတိပေးချက်အဆင့်များ လျှော့ချသတ်မှတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ASMC ၏ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်နေ့မှစတင်ကာ မဲခေါင်ဒေသခွဲအတွက် သတိပေးချက်အဆင့်ကို အဆင့် (၂) မှ အဆင့် (၁) သို့ လျှော့ချသတ်မှတ်ခဲ့ပြီး မေလ ၁၄ ရက်နေ့မှစတင်၍ အဆင့် (၁) မှ အဆင့် (ဝ) ဖြစ်သည့် ခြောက်သွေ့ရာသီကာလ ကုန်ဆုံးသည့်အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် လွန်ခဲ့သည့်ရက်များအတွင်း မဲခေါင်ဒေသခွဲတွင် စိုစွတ်သောရာသီဥတု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် Fire Hotspot နှင့် မီးခိုးမြူငွေ့ ဖြစ်ပေါ်မှုများ လျော့နည်းခဲ့ကြောင်းလည်း ဖော်ပြထားသည်။
ASMC ၏ စောင့်ကြည့်လေ့လာမှုနှင့် ခန့်မှန်းချက်များအရ လာမည့်လများတွင် မုတ်သုံကြားကာလအခြေအနေမှ အနောက်တောင်မုတ်သုံ အခြေအနေသို့ ကူးပြောင်းမည်ဖြစ်ပြီး မဲခေါင်ဒေသခွဲအနှံ့အပြားတွင် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ထို့အပြင် ASMC ၏ သတင်းအချက်အလက်များအရ မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ မေလ ၁၆ ရက်နေ့အထိ Fire Hotspot ဖြစ်ပေါ်မှုသည် ၂၀၂၅ ခုနှစ်ထက် ၁ ရာခိုင်နှုန်း ပိုမိုဖြစ်ပေါ်ခဲ့သော်လည်း ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်ကို မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီက အသိပေးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
