စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၊ လယ်တီရပ်ကွက်၊ ပြ ည်ထောင်စုကုန်စိမ်းပွဲရုံဈေးကို ဖေဖော်ဝါရီလ (၇)ရက် နံနက်က ဖွင့်လှစ်လိုက်သည်။
ပြည်ထောင်စု ကုန်စိမ်းပွဲရုံ ဈေးသစ်ကြီးအတွင်းရှိ ကုန်စိမ်းပွဲရုံ (၁၂) ရုံတွင် ဈေးဆိုင်ခန်းပေါင်း (၉၆)ခန်းတွင် ကုန်စိမ်း ဈေးဆိုင်ခန်းများ စနစ်တကျ ရောင်းချနေပြီဖြစ်ကြောင်း မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းထံမှ သိရသည်။
“ပြည်ထောင်စုကုန်စိမ်းပွဲရုံ ဈေးတည်ဆောက်ခြင်းဖြင့် မြို့အင်္ဂါရပ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်လို့ ကုန်စိမ်းစျေးသည်တွေ စနစ်တကျရောင်းဝယ်ဖောက်ကားနိုင်ပါမယ်။ မြို့နေပြည်သူတွေအနေနဲ့ ရာသီပေါ်သီးနှံတွေကို တစ်စုတစည်းတည်းဝယ်ယူရရှိနိုင်ပြီး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးနိုင်တာစတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာဖြစ်ပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်ကပြောသည်။
ပြည်ထောင်စု ကုန်စိမ်းပွဲရုံ ဈေးကို (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့်ဖွင့်လှစ်ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊တိုင်းဒေသကြီး လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကိုလွင်တို့က ပြည်ထောင်စု ကုန်စိမ်းပွဲရုံ ဈေးသစ်ကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
