ယနေ့ မေ ၂၃ ရက်ညနေ ၄ နာရီ ၂၂ မိနစ်ခန့်က မိုးသက်လေပြင်းများတိုက်ခတ်၍ ၂၃၀ ကေဗွီ မြောင်းတကာ-လှိုင်သာယာဓာတ်အားလိုင်း၏ ထန်းတပင်မြို့နယ်၊ တံတားဦးကျေးရွာအနီးရှိ တာဝါတိုင်အမှတ်(၉၁)နှင့် (၉၂)တို့ပြိုလဲပျက်စီးခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ထံမှ သိရသည်။
ထို့ကြောင့် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက အရေးပေါ်ထိန်းသိမ်းပြုပြင်မှုများပြုလုပ်လျက်ရှိ၍ ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းတို့သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်မှုလျော့ကျလျှက်ရှိကြောင်း သိရသည်။
ထိုသို့ ထိန်းသိမ်းပြုပြင်မှုများဆောင်ရွက်နေချိန်၌ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအား ယာယီဝန်အားထိန်းညှိမှုများရှိနိုင်မည်ဟု YESC ကမေတ္တာ ရပ်ခံအသိပေးထားကြောင်း သိရသည်။
ထို့အတူ ယနေ့ မေ ၂၃ ရက်နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်ကလည်း ရန်ကုန်တိုင်းအတွင်းရှိ ဓာတ်အားပေးစက်များသို့ပို့လွှတ်လျက်ရှိသည့် ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပလက်ဖေါင်းအား အရေးပေါ် Shut Down ပြုလုပ်ခဲ့ရသဖြင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်ပေးနိုင်မှု (450MW )ခန့်လျှော့နည်းလျက်ရှိကြောင်း သိရသည်။
