ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ်သတ်မှတ်နိုင်ရန် အဆိုပြုတင်သွင်းခြင်းလုပ်ငန်းများဆောင်ရွက်နေသည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၏ ပြောကြားချက်အရ သိရသည်။
ယနေ့ ဖေဖော်ဝါရီ ၂ ရက်နံနက်ပိုင်းက မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မိုးယွန်းကြီးအင်းသည် ကုန်းတွင်းရေဝပ်ဒေသဖြစ်ကာ ဆောင်းခိုငှက်များ၊ မျိုးသုဉ်းရန်အန္တ ရာယ်ရှိသော ငှက်မျိုးစိတ်များကျရောက်ကျက်စားပြီး အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်းကွန်ရက်နယ်မြေတစ်ခုဖြစ်ကာ သဘာဝဂေဟစနစ်များကောင်းမွန်မှုရှိခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများပေါကြွယ်ဝခြင်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုင်ရာအလာအလားကောင်းများရှိသည်ဟု ပြောသည်။
” အဲဒီလို အလားအလာကောင်းတွေရှိတာကြောင့် မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ်သတ်မှတ်နိုင်ဖို့ အဆိုပြုတင်သွင်းခြင်းလုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေပါတယ်”ဟု တိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပြောသည်။
ထို့ကြောင့် မိုးယွန်းကြီးအင်းရေဝပ်ဒေသ၏ ဝန် ဆောင်မှုနှင့် သယံဇာတများအား ရေရှည်ထုတ် ယူသုံးစွဲနိုင်ရန် ဂေဟစနစ်များ သဘာဝအတိုင်း ကောင်းမွန်စွာတည်ရှိနိုင်ရေးအတွက် ပြည်သူလူထုအား အသိပညာပေးခြင်း၊ လူထုအခြေပြု ထိန်းသိမ်းရေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ခြင်းများကိုဆောင်ရွက်သွားကြရမည်ဟုလည်း ပြောကြားခဲ့သည်။
